အစိုးရသစ်လက်ထက်မှာ ပထမဆုံးချေးငွေအဖြစ် ကမ္ဘာ့ဘဏ်ကနေ အမေရိကန် ဒေါ်လာ သန်း ၂၀၀ ချေးယူ ဖို့ နိုင်ငံတော်သမ္မတက တင်ပြတာကို ပြည်ထောင်စု လွှတ်တော်က ဒီနေ့ အတည်ပြုလိုက်ပါတယ်။
အဲဒီချေးငွေဟာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၊ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနတို့ အတွက် ချေးယူတာ ဖြစ်ပါတယ်။
ကြွေးမြီဝန်ထုပ်ဝန်ပိုးမဖြစ်စေဖို့အတွက် ဆောင်ရွက်သွားမှာဖြစ်ပြီး ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းကို မဖြစ်မနေလိုက်နာမယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဒေါက်တာအောင်သူက လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
"ကြွေးမြီဝန်ထုပ်ဝန်ပိုး မဖြစ်စေရန်ဆိုတဲ့အချက်နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနအနေနဲ့ နှစ်စဉ် နှစ်စဉ် ရသုံးမှန်းခြေငွေစာရင်းမှာ နှစ်အလိုက်ထည့်သွင်းရေးဆွဲထား ပြီးတော့ ပြည်ထောင်စုအစိုးရနဲ့ ပြည်ထောင်စုလွှတ်တော်တို့ရဲ့ အတည်ပြုချက်နဲ့ ဒီချေးငွေများကို ပြန်လည်ပေး ဆပ်သွားမယ့် အစီအစဉ်ကို ရေးဆွဲသွားမှာဖြစ်တဲ့အတွက် ဒီချေးငွေအသစ်ကတော့ ဝန်ထုပ်ဝန်ပိုးဖြစ်မှာ မဟုတ်ပါဘူးလို့ တင်ပြလိုပါတယ်"
အဲဒီချေးငွေရယူမှာနဲ့ ပတ်သက်ပြီး တပ်မတော်သား ကိုယ်စားလှယ်တစ်ဦးအပါအဝင် ကိုယ်စားလှယ် ၉ ဦးက ဘဏ္ဍာရေးစည်းမျည်းနဲ့အညီ သုံးစွဲဖို့၊ ငွေကြေးဖောင်း ပွမှုအတွက် ကြိုတင်စဉ်းစားထားဖို့၊ ချေးငွေတွေကို ထိထိရောက်ရောက်သုံးစွဲကြဖို့ ဆွေးနွေးခဲ့ပါတယ်။
ချေးငွေအမျိုးအစားက အတိုးမဲ့ဖြစ်ပြီး ဆိုင်းငံ့ကာလ ၆ နှစ်၊ ပြန်ဆပ်ကာလ ၃၂ နှစ်၊ စုစုပေါင်းသက်တမ်း ၃၈ နှစ်ဖြစ်ကာ ဝန်ဆောင်ခအတွက် တစ်နှစ်ကို ၀ ဒသမ ၇၅ ရာခိုင်နှုန်း ပေးရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ပြည်ပချေးငွေ စုစုပေါင်းဟာ အမေရိကန်ဒေါ်လာသန်း ၉ ထောင်ကျော် ရှိနေတာဖြစ်ပါတယ်။
ဒါ့အပြင် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွင်း စိုက်ပျိုးရေးစရိတ်ချေးငွေအတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကနေ ငွေကျပ် ဘီလီယံ ၅၀၀ ချေးယူခွင့်ပြုဖို့ လည်း နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်ထံ ဒီနေ့ တင်ပြထားပါတယ်။
ဗဟိုဘဏ်ကနေ ကျပ် ၅၀၀ ဘီလီယံချေးယူခွင့်ရဖို့အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား စီမံကိန်း နဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက အာမခံရမှာဖြစ်ပြီး ချေးငွေကို ဒီနှစ် စိုက်ပျိုးရာသီ မစတင်ခင် ချေးယူမှာ ဖြစ်ပါတယ်။ အဲဒီချေးငွေရယူမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး လာမယ့် အပတ်မှာ လွှတ်တော်ရဲ့အဆုံးအဖြတ် ရယူမှာဖြစ်ပါတယ်။
