အမျိုးသားပညာရေး ဥပဒေကို ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ ကျောင်းသားသပိတ်စစ်ကြောင်း ဖြိုခွဲခံရတဲ့ တစ်နှစ်ပြည့် အခမ်းအနားကို သပိတ်စစ်ကြောင်းဖွင့်ခဲ့တဲ့ လက်ပံတန်းမြို့မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗကသ အဖွဲ့က ကျင်းပခဲ့ပါတယ်။
ဒီနေ့ လက်ပံတန်းမြို့ အောင်မြေဗိမာန်ဘုန်းကြီးကျောင်းမှာ ကျင်းပတဲ့ အခမ်းအနားမှာ ဗကသ ကျောင်းသူ မပိုပိုက ဖမ်းဆီးခံထားရသူတွေကို လွှတ်ပေးဖို့ ပြောပါတယ်။
"ကျောင်းသားတွေ သာယာဝတီထောင်ထဲမှာနေရတာဆိုရင် ၁ နှစ်ပြည့်ပြီ၊ အင်းစိန်ထောင်မှာရောပေါ့နော်၊ ကျမတို့က အများကြီးမပြောချင်ဘူး မတရားဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကို အမြန်ဆုံးလွှတ်ပေးဖို့ ပဲ ပြောချင်တယ်၊ နောက်တစ်ခုက ကျမတို့တောင်းဆိုထားတဲ့ ၁၁ ချက်ကို လုပ်ဆောင်ပေးဖို့လည်း ပြော ချင်တယ်၊ နောက်တစ်ခုက နောက်တက်လာမယ့် အစိုးရသစ်လက်ထက်မှာ ကျမတို့ရဲ့ တောင်းဆိုချက်တွေ ကို လိုက်လျောပေးဖို့ မျှော်လင့်တယ်ပေါ့နော်၊ ဒီမှာ မတရားဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကို ချွင်းချက်မရှိ လွှတ်ပေးဖို့ပဲ တောင်းဆိုချင်ပါတယ်"
တစ်နှစ်ပြည့်အခမ်းအနားကို သပိတ်စစ်ကြောင်းမှာ ပါဝင်ခဲ့တဲ့ ဗကသ ကျောင်းသား ကျောင်းသူတွေ၊ ဖမ်းခံထား ရသူတွေရဲ့ မိဘတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ စုစုပေါင်း ၂ဝဝ ကျော်လောက် တက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားမှာ ဒီမိုကရေစီပညာရေး ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွဲခံရစဉ်က ကျန်ရှိခဲ့တဲ့ အဝတ်အစား၊ အသုံးဆောင်ပစ္စည်းတွေကို ပြသထားပါတယ်။
ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလ ၂ဝ ရက်နေ့က ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းဟာ အမျိုးသားပညာရေးဥပဒေ ကို ပြင်ဆင်ပေးဖို့ မန္တလေးမြို့ကနေ ရန်ကုန်မြို့ကို ချီတက်ခဲ့ရာ လက်ပံတန်းကို ရောက်စဉ်မှာ ရန်ကုန်ကို ဆက်လက်ချီတက်ခွင့်ပြုဖို့ ပဲခူးတိုင်း အစိုးရနဲ့ ဆွေးနွေးခဲ့ပေမယ့် မပြေလည်ဘဲ ကျောင်းသား ကျောင်းသူတွေက အဲ့ဒီမြို့မှာ သပိတ်စခန်းဖွင့်ခဲ့ကြတာဖြစ်ပါတယ်။
မတ်လ ၁ဝ ရက်နေ့မှာ သပိတ်စခန်းကို ရဲတပ်ဖွဲ့က ဖြိုခွင်းလိုက်ပြီး သပိတ်မှောက်ကျောင်းသား ကျောင်းသူတွေနဲ့ ဝန်းရံသူတွေ တစ်ရာကျော်ကို ဖမ်းဆီးလိုက်ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ဥပဒေမဲ့အစုအဖွဲ့မှာ ပါဝင်မှု စတဲ့ ပုဒ်မ ၅ ခုနဲ့ တရားစွဲဆိုလိုက်ပါတယ်။
လက်ရှိ သာယာဝတီ အကျဉ်းထောင်မှာ ကျောင်းသူ ကျောင်းသား ၅ဝ ကျော်လောက် ဖမ်းဆီးထိန်းသိမ်းခံထားရ ပါတယ်။ အလားတူ တစ်နှစ်ပြည့် အခမ်းအနားတွေကို ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာလည်း ကျင်းပခဲ့ပါတယ်။
ဒီအကြောင်း RFA သတင်းထောက် မဇာဏီထွဏ်းက တင်ပြထားတာ နားဆင်နိုင်ပါတယ်။
