လက်ပံတောင်း တရုတ်ကြေးနီစီမံကိန်းစောင့် ရဲတပ်သားတစ်ဦး CDM ဝင်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို လုံခြုံရေး ယူပေးရတဲ့ ရဲတပ်သားတစ်ဦး ဩဂုတ်လ ၂၄ ရက် မနက်အစောပိုင်းမှာ လက်နက်တွေနဲ့ အတူ PDF တွေထံ ခိုလှုံလာတယ်လို့ ဆားလင်းကြီးအခြေစိုက် သမန်းကျား ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတွေက RFA ကို ပြောပါတယ်။

ကြေးနီစီမံကိန်း ဝမ်ပေါင်ကုမ္ပဏီဝန်းထဲမှာ လုံခြုံရေးတာဝန်ယူရတဲ့ ရဲတပ်သားက သမန်းကျား ပြောက်ကျားတပ်ဖွဲ့ကို ချိတ်ဆက်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတာလို့ သမန်းကျားပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက RFA ကို ပြောပါတယ်။

"အရင် လေးရက်၊ ငါးရက်လောက်ကတည်းက ကျွန်တော်တို့နဲ့ အချိတ်အဆက်ရတယ်။ သူလာချင်လို့ပြောတယ်။ ကျွန်တော်တို့က ပြည်သူ့ရင်ခွင်ခိုလှုံတာ ကြိုဆိုတယ်။ ဘယ်နေ့ဘယ်ရက်ကို လာခေါ်ရမလဲဆိုတော့ ဒီနေ့မှာ ချိတ်ဆက်ပြီး ခေါ်ဖြစ်တာပေါ့နော်။ သူကိုင်တဲ့ သေနတ်တစ်လက်နဲ့ နောက်တစ်လက်ရယ်၊ သေနတ် နှစ်လက်ပါလာတယ်"

ရဲတပ်ရင်း ၂၈ ကနေ ဝမ်ပေါင်ကုမ္ပဏီမှာ လုံခြုံရေးတာဝန်ကျနေသူဖြစ်ပြီး လတ်တလော လုံခြုံရေး အခြေအနေကြောင့် ရဲတပ်သားရဲ့ နာမည်ကိုတော့ ထုတ်ဖော်ပြောတာ မလုပ်သေးဘူးလို့ သူကဆိုပါတယ်။

ဒီရဲတပ်သားကို အခမ်းအနားနဲ့ ဆုငွေချီးမြှင့်တာတွေ လုပ်ဆောင်မှာဖြစ်ပြီး CDM တပ်သားတွေကို လုပ်ဆောင်ပေးရတဲ့ သတ်မှတ် လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆက်လက်လုပ်ဆောင်မယ်လို့လည်း သမန်းကျား ပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။

၂၀၂၃ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့တုန်းကလည်း ကရင်ပြည်နယ် မြ၀တီမြီု့နယ်မှာ စစ်ကောင်စီတပ်က ဒုတပ်ကြပ်တစ်ဦးနဲ့ တပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့အတူ KNLA-ကော်ဘရာစစ်ကြောင်းကို လာရောက်ပူးပေါင်းလာတယ်လို့ ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

၂၀၂၃ ခုနှစ် ဩဂုတ်လ ပထမနှစ်ပတ်အတွင်းမှာပဲ စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှူး၊ ဗိုလ်ကြီးအဆင့်တွေ အပါအဝင် နိုင်ငံတစ်ဝန်းက CDM လုပ်လာတဲ့ စစ်ကောင်စီတပ်သား ၅၀ ကျော်ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက RFA ကိုပြောထားပါတယ်။