လီဆူရွာသား ၄ ဦး သတ်ဖြတ်မှု ကျူးလွန်သူကို ဖော်ထုတ်ပေး ဖို့ တောင်းဆို

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံးမြို့နယ်ခွဲက ဒေသခံ ၄ ဦးကို ကချင်လွတ်မြောက်ရေး တပ်မတော် ကေ အိုင်အေက သတ်ဖြတ်ခဲ့တာဖြစ်ကြောင်းနဲ့ အပြစ်ကျူးလွန်သူတွေကို အရေးယူပေးဖို့ နိုင်ငံတော်သမ္မတ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်၊ လွှတ်တော်ဥက္ကဌတွေနဲ့ ကေအိုင်အေ စစ်ဦးစီးချုပ်တို့ထံ ဒီနေ့ စာပေးပို့တောင်းဆိုလိုက်ပါတယ်။

ပေးပို့တဲ့စာမှာပါတဲ့ အချက်တွေကို လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးဆီဖာလာလူးက အခုလိုပြော ပါတယ်။

"KIO၊ KIA တပ်မှ လီဆူလူမျိုးများနဲ့ ပြည်သူလူထုအပေါ် လက်နက်အားကိုး တိုက်ခိုက်သတ်ဖြတ်နေခြင်း အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်၊ KIO၊ KIA တပ်မှ လီဆူလူမျိုးများအား အနိုင်ကျင့် သတ်ဖြတ်နေသည့် ကိစ္စရပ်အပေါ် အမှုမှန်ပေါ်ပေါက်ရေး၊ အရေးယူ ဆောင်ရွက်ပေးရေးတို့အတွက် KIO၊ KIA ဗဟိုဌာနချုပ်သို့ လေးနက်စွာ တိုက်တွန်းတောင်းဆိုသည်"

ပြီးခဲ့တဲ့ ဇန်နဝါရီနဲ့ ဒီလအတွင်း ဆဒုံးမြို့နယ်ခွဲ၊ မဆာ့၊ ဘွမ်ဆင်၊ ငွါးလေး စတဲ့ကျေးရွာတွေက ရွာသား ၄ ယောက်ဟာ ကေအိုင်အေရဲ့ သတ်ဖြတ်ခြင်းခံခဲ့ရတာလို့ အဲ့ဒီထုတ်ပြန်ချက်ထဲမှာ ပါဝင်ပါတယ်။

ဒါ့အပြင် ပတ်ဂျဆန်လို့ခေါ်တဲ့ ကချင်လူထုဘိန်းခင်ဖျက်ဆီးရေးအဖွဲ့ဟာ ဘိန်းခင်းဖျက်ဆီးရေး အကြောင်းပြပြီး လူမျိုးရေးပဋိပက္ခဖြစ်အောင် ဆဒုံးဒေသမှာ ဖန်းတီခဲ့တယ်လို့လည်း ပါရှိပါတယ်။

လီဆူ ပြည်သူလူထုတွေရဲ့ ဆန္ဒကိုအလေးထားပြီး လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက ဒီကနေ့ အရေးပေါ်အစည်းအဝေးပြုလုပ်ပြီး ကြေညာချက်ထုတ်လိုက်ရတာလို့ ပြောပါတယ်။