ကယားပြည်နယ် လွိုင်ကော်မြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက်နေ့ကစလို့ ဒီနေ့အထိ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ပူးပေါင်းတပ်တို့ကြား နှစ်ဘက် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့မွန်းလွဲပိုင်းမှာတော့ လွိုင်ကော်မြို့နားမှာ စစ်ကောင်စီက စစ်ရဟတ်ယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
"အတွဲလိုက်ပစ်နေပါတယ်ရှင့်။ အတွဲလိုက်၊ အတွဲလိုက်။ လေယာဉ်တစ်ခါကွေ့၊ ကွေ့ပြီးရင် တစ်ခါထပ်ပစ်။ လေယာဉ်တစ်ခါကွေ့ပြီးရင် တစ်ခါထပ်ပစ် အဲလိုလုပ်နေပါတယ်ရှင့်။ မီးတွေလည်း လင်းထိန်နေပါတယ်။ အခုက ဆက်တိုက် လျှောက်ပစ်နေပြီ။ ဆက်တိုက်လျှောက်ပစ်နေပြီ မြို့ ဟိုးဘက်တွေရောပဲ"
RFA က အဲဒီဒေသခံနဲ့ ဖုန်းအဆက်အသွယ်ရရှိခဲ့တဲ့ ဒီနေ့ မွန်းလွဲပိုင်းထိ တိုက်ပွဲဖြစ်နေဆဲဖြစ်ပြီး တိုက်ပွဲ အခြေအနေ အသေးစိတ်ကို လတ်တလောမသိရသေးပါဘူး။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာ စစ်တပ်က လက်နက်ကြီးကျည်တွေနဲ့ ပစ်ခတ်လို့ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်မှာ နေထိုင်တဲ့ အရပ်သား ခြောက်ဦး သေဆုံးခဲ့ရတယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့က ဒါရိုက်တာ ကိုဗညားက ပြောပါတယ်။
"၆ ရက်နေ့ ညနေကတည်းက တိုက်ပွဲဖြစ်တော့ စစ်ရှောင်တဲ့သူတွေထဲက တစ်ယောက် အပစ်ခံရတယ်။ စစ်ကောင်စီကနေ ပစ်ခံရလို့ တစ်ယောက် ဆုံးခံထိတယ်။ ပြီးတော့မှ ဒီအိမ်ဘေးမှာ ၆ ရက်နေ့ကပဲ လက်နက်ကြီးကျလို့ အဖွားတစ်ယောက် နှလုံးဖောက်ပြီးတော့မှ လန့်ပြီးဆုံးသွားတာ ရှိတယ်။ ပြီးတော့မှ မနေ့ကတော့ ဒီသံလမ်းမှာကတော့ စစ်ကောင်စီကနေ ပစ်ခတ်လို့ လောလောဆယ်သိတာက သုံးယောက် သေတာပေါ့နော်။ နောက်တစ်ယောက် ကတော့ အိမ်ပေါ်ကို လက်နက်ကြီးကျလို့ ဆုံးသွားတာပေါ့နော်။ အဲတော့ ပေါင်းတော့ ၆ ယောက်ပေါ့။ သတင်းမရသေးတာတွေလည်း ရှိတယ်။ သတင်းရတာ တချို့က လည်း နောက်ထပ် ၂ ယောက် ဆုံးတယ်လို့လည်း ကြားတယ်။ လောလောဆယ်တော့ သတင်းရထားတာ ကတော့ ၆ ယောက်ပဲ ရှိပါတယ်"
စစ်ကောင်စီဘက်က တိုက်ပွဲဖြစ်ပွားရာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့လို့ အရပ်သားတွေ ထိခိုက်ခဲ့ရတာလို့လည်း ဒေသခံတွေက ပြောပါတယ်။
လက်နက်ကြီးကျည်ကြောင့် နှလုံးဖောက် သေဆုံးသွားတဲ့ အသက် ၇၃ နှစ်အရွယ် အဘွားရဲ့အသုဘအတွက် မိသားစုက ပြင်ဆင်နေချိန်မှာပဲ အဲဒီအိမ်နားကို နောက်တစ်ခေါက် လက်နက်ကြီးနဲ့ ထပ်ပစ်တာခံခဲ့ရတာလို့ မိုင်းလုံးရပ်ကွက်မှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"သူတို့ အဘွားအတွက် အဘွားအသုဘအတွက် လူနည်းနည်းပါးပါးနဲ့ ချက်ပြုတ် စားသောက်ဖို့ ပြင်ဆင် နေကြတဲ့အချိန်မှာ လက်နက်ကြီး ကျလာတယ်။ လက်နက်ကြီး ကျလာတဲ့အခါကျတော့ လက်နက်ကြီးက ဆိုင်ကယ်ပေါ် သက်သက်ကျတယ်။ ဆိုင်ကယ်ရဲ့ အစကနေတစ်ဆင့် လူကို ထိတာပေါ့နော။ အဲဒီမှာ သူ့အဖေက အများဆုံးထိတယ်။ အများဆုံးထိတဲ့အခါကျတော့ သူ့အဖေကို အနားမှာရှိတဲ့လူက လုပ်တော့ လုပ်ပေးတယ်။ ဒါပေမဲ့ မရတော့ဘူးပေါ့နော။ အဖေက အဲဒီမှာပဲ တစ်ခါတည်း ဆုံးသွားတယ်"
ဒီတိုက်ပွဲတွေကြောင့် မိုင်းလုံးရပ်ကွက်အပါအဝင် ရွာတန်းရှည်၊ ပန်ကန်းကျေးရွာတွေက ဒေသခံ နှစ်သောင်းခန့် ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရသလို အချို့ကလည်း ရွာထဲမှာပဲ ပိတ်မိ နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီလ ၇ ရက် မနေ့ကတော့ ကရင်နီတပ်မတော် (KA) နဲ့ စစ်ကောင်စီတပ်တို့ ရှားတောမြို့နယ် သံလွင်မြစ် အရှေ့ဘက်ခြမ်း ဟွေပူးလောင်းဧရိယာထဲမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ရဟတ်ယာဉ် နဲ့ ငါးကြိမ်ခန့် လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကယားပြည်နယ်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက် လုပ်ဆောင်နေတဲ့အတွက် ကရင်နီတပ်မတော် (KA) ထိန်းချုပ်နယ်မြေမှာရှိတဲ့ စစ်ဘေးဒုက္ခသည် ၁၂၀၀ ကျော်ကို ထိုင်းနိုင်ငံထဲက ရွာတစ်ရွာကို မနေ့က ရွှေ့ပြောင်းပေးထားတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။
"ကျမတို့က အကုန်လုံး လူထုတွေက ချောင်းထဲမှာ သွားပုန်းနေရတယ်ပေါ့နော်။ သွားပုန်းနေတော့ လေယာဉ်လည်း အဆက်မပြတ်လာတယ်"
သူတို့ကို ထိုင်းအာဏာပိုင်တွေက လက်ခံကူညီပေးထားတယ်လို့လည်း ကရင်နီအမျိုးသမီးအစည်းအရုံး အဖွဲ့က မော်ဖရေမြာက ပြောပါတယ်။
"စခန်းထဲမှာ ဆင်းနေဖို့ ဘာညာပြောတယ်။ သတိပေးတယ်ပေါ့နော်။ ကျမတို့က အကုန်လုံး လူထုတွေက ချောင်းထဲမှာ သွားပုန်းနေရတယ်ပေါ့နော်။ သွားပုန်းနေတော့ လေယာဉ်လည်း အဆက်မပြတ်လာတယ်။ ပြီးတော့ လာချနေတဲ့ အခြေအနေမျိုးမှာ ကျမတို့က ဒီအုပ်ချုပ်ရေးမှူးတွေ သတ်မှတ်ထားတဲ့ နေရာကို အကုန်လုံး သွားပြေးနေရတယ်ပေါ့နော်"
စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ မြန်မာ့အလင်း သတင်းစာမှာတော့ ကယားပြည်နယ် ရှားတောမြို့နယ် ဟွေပုံလောင်း-ကောက်ကောက် ဒေသအတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေတဲ့ ကျားပါးစပ်ကြီးစခန်းကို KNPP နဲ့ PDF တွေက ဝင်ရောက်တိုက်ခိုက်ရာမှာ ခေတ္တဆုတ်ခွာပေးခဲ့ရပေမယ့် မွန်းလွဲပိုင်းမှာ ကြိုတင် စီမံထားတဲ့ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေ ရယူပြီး ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဒီနေ့ ဖော်ပြထားပါတယ်။
ဒါပေမဲ့ လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်မှာ အရပ်သားတွေ ထိခိုက်တာ၊ အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ အခြေအနေတွေကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။

အရပ်သားတွေ ထိခိုက်သေဆုံးရမှုအပါအဝင် ဒီနေ့မှာလည်း လေကြောင်းကနေ တိုက်ခိုက်နေတဲ့ ကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် လတ်တလော ဖုန်းလိုင်းဆက်သွယ်လို့ မရသေးပါဘူး။
စစ်တပ်က အာဏာသိမ်းပြီးနောက် ကယားပြည်နယ် ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့တွေဟာ စစ်တလင်းပြင် ဖြစ်နေ သလို အခုရက်ပိုင်း တိုက်ပွဲပြင်းထန်နေတဲ့ လွိုင်ကော်မြို့ဟာလည်း အလားတူ စစ်တလင်းပြင် ဖြစ်လာ နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ဒါရိုက်တာ ကိုဗညားက ပြောပါတယ်။
"အခုအချိန်ကတော့ လွိုင်ကော်မြို့မှာကတော့ လုံးဝကို စစ်သလင်းဖြစ်မယ့် အခြေအနေကို ဦးတည်သွားပြီ လို့ ပြောလို့ရပါတယ်။ အခုလည်း ၆ မိုင်တို့ ဒေါပိုးစီတို့ လွိုင်ကော်ဘက်ကနေ မီးခိုးလုံးတွေ ထွက်လာတာ ကျနော်တို့ တွေ့ရတယ်ပေါ့နော်။ အခုထိ မီးလောင်နေတယ်ပေါ့နော်။ အဲဒီတော့ ဆိုလိုရင်း အဓိပ္ပာယ်က လွိုင်ကော်မြို့နဲ့ နီးတဲ့ ပတ်ဝန်းကျင်အားလုံးမှာ ဒီထက်ပိုပြီးတော့မှ ပြင်းထန်တဲ့ မြို့ပြတိုက်ပွဲတွေ ပိုဖြစ်လာနိုင်မယ်လို့ ကျနော်တို့ ကြိုမြင်လို့ ရတယ်ပေါ့နော်။ အဲဒါကြောင့်မိုလို့ ကျနော်တို့ မြို့ပေါ်မှာ ပိတ်မိနေတဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်၊ စည်းစိမ်တွေကိုလည်း ကျနော်တို့ စိုးရိမ်မှုတွေ အများကြီး ရှိတယ်။ နောက် စစ်ကောင်စီကလည်း ရန်သူနဲ့ ပြည်သူကို ခွဲပြီးတော့မှ တိုက်ခိုက်တဲ့ ပုံစံမျိုး မဟုတ်ဘဲနဲ့ ဘယ်သူကို မဆို သူတို့က ဖမ်းဆီးတာမျိုး သတ်ဖြတ်တာမျိုး၊ ပတ်ခတ်တာမျိုးအဖြစ်နဲ့ စစ်မြေပြင်ကလည်း မြို့ပြနဲ့ နီးတဲ့အတွက်ကြောင့်မိုလို့ လူဦးရေအများဆုံးရှိတဲ့ လွိုင်ကော်မြို့ရဲ့ အခြေအနေကိုလည်း ကျနော်တို့ စိုးရိမ်ပါတယ်"
ဒီးမော့ဆိုမြို့နယ်မှာလည်း ဇန်နဝါရီလ ၇ ရက် မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဒေါပိုးစီရွာ၊ ၅ မိုင်ရွာ၊ ၆ မိုင် ရွာက လူနေအိမ် ၁၈ လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေး တပ် (KNDF) က ထုတ်ပြန်ထားပါတယ်။
ကယားပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနဲ့ ဖယ်ခုံမြို့နယ်တွေမှာ အာဏာသိမ်းကာလအတွင်း လူနေအိမ် ၄၃၆ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး သေဆုံးခဲ့ရတဲ့ အရပ်သားဟာလည်း ၁၈၂ ဦးရှိတယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့ ကွန်ယက်က ဇန်နဝါရီလ ၆ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကယားပြည်နယ်အတွင်းမှာ တိုက်ပွဲပေါင်း ၁၃၀ ကျော်ရှိခဲ့ပြီး စစ်ကောင်စီတပ် ဘက်က သေဆုံးသူ ၂၄၉ ဦးနဲ့ KNDF ဘက်သေဆုံးသူ ၁၃ ဦးရှိခဲ့တယ်လို့လည်း KNDF က ပြီးခဲ့တဲ့ဇန်နဝါရီလ ၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
မြို့ပြတိုက်ပွဲတွေဟာ လွိုင်ကော်မြို့တွင်းအထိ ကူးစက်လာပြီဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ လုံခြုံရေးအတွက် ဘေးလွတ်ရာကို အမြန်ဆုံးတိမ်းရှောင်ကြဖို့ကိုလည်း KNDF က တိုက်တွန်းထားပါတယ်။
ကယားပြည်နယ်အတွင်းမှာ နေရာအနှံ့ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် စစ်ဘေးဒုက္ခသည် အရေအတွက် ဟာလည်း အခုအချိန်မှာ တစ်သိန်းခွဲကျော်ရှိနေပြီလို့ အကူအညီပေးနေသူတွေက ပြောပါတယ်။