ကယားပြည်နယ် လွိုင်ကော်မြို့ပေါ် မိုင်းလုံးရပ်ကွက်က လူနေအိမ်ပေါ် ဇန်နဝါရီလ ၇ ရက် ဒီနေ့မနက်ပိုင်း စစ်ကောင်စီရဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် တစ်ဦး သေဆုံးပြီး မိသားစုဝင် ငါးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်နက်ကြီးကျည် ထိမှန်သေဆုံးသူက အသက် ၃၀ ကျော်အရွယ် အမျိုးသားဖြစ်ပြီး ဇနီးနဲ့ ကလေး ကျန်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ မနေ့ကစပြီး ဒီနေ့မနက်အထိ လွိုင်ကော်မြို့နယ် ရွာတန်းရှည်၊ ပန်ကန်း၊ မိုင်းလုံး စတဲ့ ရပ်ကွက်တွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံတွေ ပိတ်မိနေတယ်လို့ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
"ဒီမနက် မိုင်းလုံးမှာ သူတို့ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်ပြန်တယ်၊ အဲဒီနီးနားတဝိုက်မှာ လက်နက်ကြီး တွေ ကျပြီးတော့ ပြည်သူလူထုအိမ်တွေ ပြည်သူတွေထိတယ်၊ ဒီဘက်ဆေးရုံမှာ ပြည်သူတွေ သုံးလေး ယောက်လောက်တော့ လက်နက်ကြီးထိလို့ ရောက်လာတာရှိတယ်၊ တချို့ကတော့ လွတ်ရာပြေးကြ တာရှိတယ်၊ တချို့ကတော့ ကြောက်ပြီးပြေးလို့လည်းမရတော့ အိမ်ထဲမှာပဲ ပုန်းနေကြရသေးတယ်"
ဇန်နဝါရီလ ၆ ရက် မနေ့က ကယန်းသာယာရွာအနီးမှာရှိတဲ့ ကင်းပုန်းစခန်းတစ်ခုကို ကရင်နီတပ်မတော် (KA)၊ KNDF နဲ့ PDF ပူးပေါင်းအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံးခဲ့သလို ဒီးမော့ဆိုမြို့နယ် ဒေါပိုးစီနဲ့ (၅) မိုင်၊(၆) မိုင်ဘက် တိုက်ပွဲမှာလည်း စစ်ကောင်စီတပ်သားရှစ်ဦး သေဆုံးခဲ့တယ်လို့ KNDF သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။
ကယားပြည်နယ်ထဲမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ဒီဇင်ဘာလကုန်အထိ တိုက်ပွဲပေါင်း ၁၃၀ ရှိခဲ့ပြီး စစ်ကောင်စီတပ်သား ၂၄၉ ဦး၊ KNDF ဘက်က ၁၃ ဦးနဲ့ အရပ်သား ၁၄၆ ဦး သေဆုံးခဲ့တယ်လို့ ဇန်နဝါရီလ ၂ ရက်နေ့ထုတ် KNDF နဲ့ နှစ်ချုပ်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။