လွိုင်ကော်-ဒီးမော့ဆိုကားလမ်းကို မသွားလာဖို့ KNDF သတိပေး
2024.09.03
တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် လွိုင်ကော်-ဒီးမော့ဆိုကားလမ်းမကြီး အပါအဝင် ဆက်စပ်နေတဲ့ လမ်းသွယ်တွေကို ပြည်သူတွေမသွားလာဖို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က စက်တင်ဘာလ ၃ ရက်နေ့က သတိပေးထုတ်ပြန်ပါတယ်။
ဩဂုတ်လ ၁ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ ကရင်နီပြည်နယ်အတွင်း စစ်ရေးအခြေအနေကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က သတင်းထုတ်ပြန်ရာမှာ ပြည်သူလူထုကို သတိပေးထားတာ ဖြစ်ပါတယ်။
စစ်ကောင်စီက လက်နက်ကြီးနဲ့ နေ့တိုင်းပစ်ခတ်နေတာကြောင့် ပြည်သူတွေ သတိထားဖို့ တားမြစ်တာလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗဟို သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံတစ်ဦးက ပြောပါတယ်။
"လွိုင်ကော်-ဒီးမော့ဆိုလမ်းပိုင်းကို စစ်ကောင်စီဘက်က စစ်ကြောင်းထိုးနေတယ်။ အဲဒီလမ်းပိုင်းမှာ စစ်ကောင်စီက အိမ်တွေမီးရှို့တာရှိနေတယ်။ ဒီမော့ဆိုဘက်က လူနေထူထပ်တဲ့ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာရှိတယ်။ အဲဒီလမ်းပိုင်းတွေကို စစ်ကြောင်း ထိုးနေတဲ့အတွက် ပြည်သူလူထုတွေကို အသုံးမပြုဖို့ အကြံပြုတိုက်တွန်းတာပါ။ နေ့စဉ်နေ့တိုင်း ညနေဘက်ဆို နေဝင်ပြီဆို အနည်းဆုံးခြောက်လုံးကနေ ဆယ်လုံးအထိ ဒီမော့ဆိုဘက်ကို ပစ်တယ်ပေါ့နော်။ လူနေတဲ့ရပ်ကွက် ကျေးရွာတွေဘက်ကို ပစ်တာမျိုးတွေရှိပါတယ်"
ဩဂုတ်လအတွင်း စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လွိုင်ကော်-ဒီးမော့ဆို ကားလမ်းတစ်လျှောက်မှာရှိတဲ့ ပန်ကန်း၊ ဒေါပိုးစီ၊ (၆) မိုင်စံပြကျေးရွာတွေက နေအိမ်လေးဆယ်ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
လွိုင်ကော်-ဒီးမော့ဆိုကားလမ်းမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်နက်ခဲယမ်းနဲ့ ကျန်းမာရေးအသုံးအဆောင်တွေကို သိမ်ဆည်းရမိထားတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်ထားပါတယ်။
ဩဂုတ်လနောက်ဆုံးအပတ်အတွင်း တိုက်ပွဲဖြစ်တာမရှိဘဲ ဖရူဆိုမြို့နဲ့ ဒီးမော့ဆိုမြို့အနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လူနေအိမ်တွေကို ပစ်ခတ်ခဲ့တာကြောင့် လူနေအိမ်သုံးလုံးပျက်စီးခဲ့ပြီး ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအခြေအနေကို ထုတ်ပြန်ရာမှာ ဘော်လခဲနဲ့ မဲစလောင်းတောင်အကြားမှာရှိတဲ့ စစ်ကောင်စီရဲ့ ရေကျော်တပ်စခန်းကို KNDF နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ ဩဂုတ်လ ၈ ရက်နေ့က တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းယူရရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဖားဆောင်းမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်း (၂)နဲ့ ကာကင်းစခန်းတွေကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်နေတယ်လို့ ဖော်ပြထားပါတယ်။