ရှမ်းပြည်တောင်ပိုင်း၊ မိုးဗြဲမြို့ကနေ ကယားပြည်နယ်၊ လွိုင်ကော်မြို့တစ်လျှောက်ရွာတွေ ကို စစ်ကောင်စီတပ် အင်အားဖြည့်ပြီး စစ်ကြောင်းထိုးနေသလို တိုက်ပွဲတွေဖြစ်နေတာ ကြောင့် ပြည်သူတွေ စစ်ရေး သတိရှိကြဖို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF-B-02) က သြဂုတ်လ ၆ ရက်နေ့မှာ သတိပေးစာ ထုတ်ပြန်ပါတယ်။
သြဂုတ်လ ၆ ရက်နေ့မှာ စစ်ကောင်စီတပ်တွေနဲ့ KNDF တို့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ရေး အခြေအနေ ဆက်လက်တင်းမာနေသလို တိုက်ပွဲတွေ ဆက်ပြင်းထန်လာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရှိတဲ့ နေရာတွေကို ရှောင်ရှားသွားလာ ကြဖို့လည်း KNDF က တိုက်တွန်းထားပါတယ်။
မိုးဗြဲမြို့ကိုလည်း စစ်ကောင်စီတပ်က အင်အားလေးရာလောက်နဲ့ စစ်ကြောင်းထိုးနေတာ ကြောင့် ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်နေတယ်လို့ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့ကဆို စစ်ကောင်စီက မိုးဗြဲမြို့မှာ တစ်အိမ်တက် တစ်အိမ်ဆင်း လူစာရင်း ကောက်တာ ရှိတယ်။ ကျွန်တော်တို့ အဖွဲ့နဲ့လည်း မနေ့ကတိုက်ပွဲဖြစ်ခဲ့တယ်။ အခုက သူတို့ ဖားဆောင်းဘက်ကို အင်အားပို့နိုင် အောင် လုံခြုံရေးတွေ အပြည့်ယူထားတာ ရှိတယ်။ ကျွန်တော်တို့ ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ လမ်းကနေ ဖြတ်တိုက်တာမျိုး တော့ ရှိတယ်”
အလားတူ ဒီးမော့ဆိုနဲ့ ဖရူဆိုလမ်းပိုင်းမှာလည်း စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့ တွေအကြား တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့တည်ထောင်သူ ကိုဗညားက ပြောပါတယ်။
တိုက်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက် သတင်းထုတ်ပြန်တာမရှိသလို စစ်ကောင်စီရဲ့ ကယားပြည်နယ် ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းဦးကို RFA က ဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ကယားပြည်နယ်ထဲကို ဇူလိုင်လနောက်ဆုံးပတ်ကစပြီး စစ်ကောင်စီရဲ့ တပ်မ ၅၅ လက်အောက်ခံ တပ်ရင်းအချို့ အပါအဝင် စစ်အင်အားတစ်ထောင်ကျော် ထပ်မံ အင်အားဖြည့်လာလို့ စစ်ရေးအခြေအနေ ပိုမိုတင်းမာနေတယ်လို့ ကရင်နီတော်လှန်ရေး အင်အားစုတွေဘက်က ပြောဆိုထားပါတယ်။
တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ ဩဂုတ်လ ၁ ရက်နေ့ နောက်ဆုံးထုတ်ပြန်တဲ့စာရင်းအရ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်းနဲ့ ကယားပြည်နယ်အတွင်းမှာ စစ်တပ်အာသိမ်းပြီး ချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၁ ရက်နေ့အထိ တိုက်ပွဲပေါင်း (၇၆၆) ကြိမ်အထိ ဖြစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။