လွိုင်ကော်ဆန္ဒပြပွဲ တားမြစ်မှုအပေါ် ဝန်ကြီးချုပ် ပြောကြားချက်

ဗိုလ်ချုပ်ကြေးရုပ် ထားရှိမယ့်အပေါ် ကန့်ကွက်ဆန္ဒပြသူတွေဟာ ခွင့်ပြုမိန့် မတင်တာကြောင့် တားဆီးတာဖြစ် ကြောင်း ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ပြောပါတယ်။

ဒါ့အပြင် ဆန္ဒပြသူတွေဟာ တားမြစ်ထားတဲ့ ဂိတ်တွေကို ဖောက်ထွက်တာတွေ လုပ်တဲ့အတွက် ဥပဒေတွေကို ချိုးဖောက်တာဖြစ်တယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။ ဆန္ဒပြပွဲ ဦးဆောင်သူတွေကတော့ ဆန္ဒပြဖို့အတွက် မြို့နယ်ရဲတပ်ဖွဲ့ထံ အကြောင်းကြားစာ ပေးပို့ထားပြီးဖြစ်တယ်လို့ ပြောကြပါတယ်။

လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်ကြေးရုပ် ထားရှိမယ့်အစီအစဉ်ကို ဒေသခံတွေနဲ့ လူငယ်အဖွဲ့တွေက မနေ့က လူအင်အား ၇၀၀ လောက်နဲ့ ဆန္ဒပြ ကန့်ကွက်တာဖြစ်ပါတယ်။

ကြေးရုပ်ထားရှိဖို့ စီစဉ်ထားတဲ့ ပန်းခြံကို ဆုံမှတ်သတ်မှတ်ပြီး ဆန္ဒပြသူတွေက လမ်းကြောင်း ၃ ကြောင်းခွဲကာ ချီတက်လမ်းလျှောက်ကြတာဖြစ်ပါတယ်။

ဆုံမှတ်နေရာကို မရောက်ခင် ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးအဖွဲ့က တားမြစ်ရာမှာ ဆန္ဒပြသူတွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ပွား ခဲ့ပါတယ်။