လွိုင်ကော်တက္ကသိုလ် ဝန်ထမ်းနဲ့ မိသားစုဝင် တစ်ရာကျော် နေရပ်ပြန်ပို့
2023.11.24
ကယားပြည်နယ် တိုက်ပွဲအတွင်းကနေ ကယ်ထုတ်ခဲ့တဲ့ လွိုင်ကော်တက္ကသိုလ်က ဆရာ၊ ဆရာမတွေနဲ့ မိသားစုဝင်တွေ အပါအဝင် လူ ၁၀၇ ဦးကို နေရပ်ပြန်ပို့ဖို့ စီစဉ်ထားတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က နိုဝင်ဘာလ ၂၄ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီက ဖွဲ့စည်းလိုက်တဲ့ Non-CDM ဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ကနေ စစ်ဆေးပြီး Non-CDM ၇၀ ဦး နဲ့ မိသားစုဝင် ၃၇ ဦး၊ စုစုပေါင်း ၁၀၇ ဦးကို နေရပ်အသီးသီးကိုပြန်နိုင်ဖို့ လုံခြုံတဲ့ မြို့တစ်ခုကိုပို့ဆောင်ပေးတာလို့ IEC ရဲ့ အတွင်းရေးမှူး (၁) မဇူးပဒုမ္မာက RFA ကိုပြောပါတယ်။
"ပုံမှန်လမ်းတွေကို အသုံးပြုလို့ မရလို့ ခရီးစဉ်တွေ အားလုံးသွားနိုင်အောင်လို့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အဆင့်ဆင့်တွေ ချိတ်ဆက်ဆောင်ရွက်ရတဲ့ အပိုင်းရှိတယ်။ အားလုံး အဆင်ပြေပြေနဲ့ သွားလို့ရနိုင်မယ့်မြို့တစ်ခုကို ပို့ပေးတာပေါ့။ အဲဒီကနေ ဆက်သွားကြတာပေါ့"
အခုလို နေရပ်ပြန်ပို့ဆောင်ပေးတဲ့သူတွေဟာ စစ်ကောင်စီယန္တရားတွေမှာ မပါဝင်တော့ဘူး ဆိုတဲ့ ခံဝန်ကတိ လက်မှတ်ရေးထိုးထားပြီး ဖြစ်သလို ကျန်ရှိနေသူတွေကိုလည်း စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပြီး နေရပ်ပြန်ရေးစီစဉ်ပေးမှာလို့ သူက ဆိုပါတယ်။
လွိုင်ကော်တက္ကသိုလ်မှာ နိုဝင်ဘာလ ၁၃ ရက် တိုက်ပွဲ စဖြစ်တဲ့နေ့ကတည်းက ဘေးလွတ်ရာ ခေါ်ဆောင်သွားတဲ့ ဝန်ထမ်းနဲ့ မိသားစု စုစုပေါင်း ၂၀၄ ဦးထဲက ၁၀၇ ဦး နေရပ်ပြန်ကြတာ ဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးမြင့်ကြည်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ဆရာ၊ ဆရာမနဲ့ မိသားစုဝင်အားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ စစ်ရေးနဲ့ မသက်ဆိုင်တဲ့ ပညာရေးအဆောက်အအုံကို တိုက်ခိုက်တာ၊ ဝန်ထမ်းနဲ့ ကျောင်းသားတွေကို ဖမ်းဆီးတာတွေဟာ စစ်ရာဇဝတ်မှုမြောက်ပြီးတော့ ဆရာ၊ ဆရာမအချို့ကိုလည်း သတ်ဖြတ်မှုရှိတယ်လို့ စစ်ကောင်စီက နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ထုတ်ပြန်ပြောဆို ထားပါတယ်။
နေရပ်ပြန်ပို့နိုင်သူတွေကိုရော၊ မပြန်ရသေးတဲ့သူတွေကိုပါ အခြေခံလူ့အခွင့်အရေး စံနှုန်းတွေနဲ့အညီထားပြီး ဆရာ၊ ဆရာမတွေကို သတ်ဖြတ်တယ်ဆိုတာလည်း သတင်းမှားဖြန့်ဝေတာသာဖြစ်တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ဆိုပါတယ်။
ရှမ်းမြောက်ဒေသက ၁၀၂၇ စစ်ဆင်ရေးနဲ့ ဟန်ချက်ညီ ကယားပြည်နယ်မှာ နိုဝင်ဘာလ ၁၁ ရက်နေ့ကစလို့ တစ်လေးလုံး (၁၁၁၁) စစ်ဆင်ရေးကို ကရင်နီ တော်လှန်ရေးတပ်ပေါင်းစု တွေက ဆင်နွှဲခဲ့ပါတယ်။ အဲဒီ စစ်ဆင်ရေးအရ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ လွိုင်ကော်မြို့ကို စတင်တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီနောက် စစ်ကောင်စီရဲ့ တပ်ရင်းနှစ်ရင်း တပ်စွဲထားတဲ့ လွိုင်ကော်တက္ကသိုလ်ကို သိမ်းယူနိုင်ခဲ့တယ်လို့ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ KNDF က ထုတ်ပြန်ပါတယ်။