လွိုင်လင်မြို့နယ်အတွင်း ရေကြီးမြေပြိုမှုကြောင့် သေဆုံးသူ ရှစ်ဦးအထိရှိ

ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် လွိုင်လင်မြို့နယ် ပန်ဝိုးစံပြကျေးရွာအတွင်း ရေကြီးရေလျှံပြီး မြေပြိုမှုကြောင့် လက်ရှိအချိန်ထိ သေဆုံးသူ ရှစ်ဦးနဲ့ ပျောက်ဆုံးသူ ဆယ်ဦးထက်မနည်း ရှိနေတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်နေသူတစ်ဦးက RFA ကို ပြောပါတယ်။

ပန်ဝိုး စံပြကျေးရွာက အိမ့်ချစ်ရွာနဲ့ ခေါက်နွဲ့ရွာက ဒေသခံခြောက်ရာကျော် လွိုင်လင်မြို့က ဘုန်းကြီးကျောင်းတွေမှာ သွားရောက်ခိုလှုံနေကြတယ်လို့ ဆိုပါတယ်။

မြေပြိုမှုကြောင့် နေအိမ်တွေ ပျက်စီးခဲ့ပြီး စားနပ်ရိက္ခာနဲ့ နေထိုင်ရေးအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ အဲဒီကူညီရေးလုပ်နေသူက ပြောပါတယ်။

“ရေကြီးမြေပြိုမှုကြောင့် အဲဒီရွာက နေအိမ် လေးဆယ်ကျော်ပျက်စီးပြီး သေဆုံးသူ ဆယ်ယောက်ထဲမှာ ကျောင်းဆရာမတစ်ဦးလည်း ပါဝင်တယ်လို့ သိရပါတယ်။ အုပ်ချုပ်ရေးမှူးအိမ်လည်း မြေပြိုမှုထဲ ပါသွားတယ်။ အလှူရှင်တွေ သိပ်မရှိဘူး။ စားနပ်ရိက္ခာနဲ့ စောင်တွေ၊ ခြင်ထောင်တွေ လိုအပ်နေတယ်”

မြန်မာနိုင်ငံတစ်ဝန်းမှာ ရေဘေးသင့်သူ ခြောက်သိန်းကျော် (၆၃၁,၀၀၀) ရှိနိုင်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က စက်တင်ဘာ ၁၆ ရက်က ထုတ်ပြန်ထားပါတယ်။

ရာဂီမုန်တိုင်းအရှိန်ကြောင့် တိုင်းနဲ့ ပြည်နယ် ကိုးခုမှာ ၅၉ မြို့နယ် ရေဘေးသင့်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းမှာတော့ ၁၄ မြို့နယ်က လူ ၇၄,၀၀၀ ခန့် ရေဘေးသင့်ခဲ့ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း မြို့နယ်နှစ်ခုမှာ ရေဘေးသင့်သူ ၁၈,၀၀၀ ကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီကတော့ ရေကြီးရေလျှံမှုဖြစ်ခဲ့တဲ့ မြို့နယ်တွေမှာ သေဆုံးသူ ၂၂၆ ဦးနဲ့ ပျောက်ဆုံးနေသူ ၇၇ ဦးရှိကြောင်း စက်တင်ဘာ ၁၆ ရက်နေ့ ညမှာ သတင်းထုတ်ပြန်ထားပါတယ်။