လွိုင်လင်မှာ မြေပြိုမှုကြောင့် သေဆုံးသူ သုံးဆယ်ခန့်ရှိလာ
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်မှာ တောင်ကျချောင်းရေအရှိန်ကြောင့် မြေပြိုပြီး အရပ်သား ၂၈ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက RFA ကို ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်မှာ ပန်းဝိုးရွာက ဒေသခံရှစ်ဦးနဲ့ စက်တင်ဘာ ၁၂ ရက်နေ့မှာ ခေါင်းနွဲ့ရွာ ဒေသခံအမျိုးသမီး ခြောက်ဦး၊ အမျိုးသား ခုနစ်ဦးတို့ ရေစီးနဲ့မျောပါ သေဆုံးတာလို့ ဆိုပါတယ်။
စက်တင်ဘာ ၁၉ ရက်မှာလည်း ခေါင်းနွဲ့ရွာမှာ တောင်ကျချောင်းရေကြောင့် မြေပြိုကျပြီး နေအိမ် နှစ်ဆယ်ခန့်ပျက်စီးပြီး အမျိုးသားသုံးဦးနဲ့ အမျိုးသမီးလေးဦးတို့ ထပ်မံသေဆုံးသွားပါတယ်။
မိုးရွာသွန်းမှုများပြီး တောင်ကျချောင်းရေ အဆမတန် စီးလာတာကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာကို မရွှေ့ပြောင်းနိုင်ခင်မှာ ရေစီးနဲ့မျောပါ သေဆုံးသွားကြတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လွိုင်လင်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“အဓိကကတော့ မိုးအရမ်းများပြီး တောင်တွေ ပဲ့ကျတာ။ အရင်လည်း ဒီလိုပဲနေနေကြတော့ မဖြစ်လောက်ဘူး ထင်ထားတာပေါ့။ အခုတစ်ခေါက်က တော်တော်ဆိုးတယ်။ အိမ်လည်း သုံးဆယ်ကျော် ပျက်စီးသွားတယ်။ ဆိုင်ကယ်တို့ လယ်ထွန်စက်တို့ဆိုလည်း မြေကြီးထဲ ပါသွားတယ်”
မြေပြိုမှု ကြုံနေရတဲ့ အိမ်ခေတ်၊ ခေါင်းနွဲ့နဲ့ နောင်ပိန်ကျေးရွာက ဒေသခံနှစ်ရာကျော် ရေဘေးဒုက္ခ ကြုံနေရပြီး စားဝတ်နေရေး ခက်ခဲနေတယ်လို့ သူက ပြောပါတယ်။
ရာဂီမုန်တိုင်းကြောင့် ရှမ်းပြည်နယ် တောင်ပိုင်းက မြို့နယ် ဆယ်ခုမှာ ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုကြောင့် သေဆုံးသူ ၁၄၀ အထက်ရှိတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံးရဲ့ စာရင်းတွေမှာ ဖော်ပြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ ဖြေကြားတာမရှိပါဘူး။
စစ်ကောင်စီကတော့ ရှမ်းပြည်နယ်ထဲက ရေကြီးနစ်မြုပ်မှုကြောင့် ရေဘေးဒုက္ခ ကြုံနေရသူတွေကို ကူညီကယ်ဆယ်ရေးနဲ့ ထောက်ပံ့ရေးတွေ လုပ်နေတယ်လို့ စက်တင်ဘာ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။