စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်ကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ လယ်ယာမြေ သိမ်းဆည်းခံရပြီး လျော်ကြေးမယူသေးတဲ့ တောင်သူ၂ဝဝ ကျော်က မနှစ်က သီးနှံလျော်ကြေး တစ်နှစ်စာပေးပြီး ဒီနှစ်အတွက် သီးနှံလျော်ကြေး မပေးတာကြောင့် ဝမ်ပေါင်ကုမ္ပဏီကို ဆန္ဒပြခဲ့ကြပါတယ်။
မြေယာလျော်ကြေးမယူတဲ့ လူတွေကို နှစ်ကုန်တဲ့အချိန်မှာ သီးနှံလျော်ကြေးတောင်းတာကို မပေးတာကြောင့် ဆန္ဒပြတာလို့ ဆန္ဒပြရာမှာ ပါဝင်တဲ့ တုံရွာက မမာချိုက ပြောပါတယ်။
"လျော်ကြေးလုံးဝယူမထားတဲ့ လယ်ယာပိုင်ရှင်တွေက သီးနှံလျော်ကြေး တောင်းတာကို စာ ၃ ကြိမ်တင်တယ်၊ အကြောင်းမပြန်လို့ အဲ့ဒါနဲ့ ဒီနေ့ သီးနှံလျော်ကြေးပေးဖို့ရန် ဆန္ဒပြတာ၊ အဓိကတော့ အဲ့ဒါပေါ့၊ မိုးကြိုးပြင်အလယ်ရွာက ၂ နာရီခွဲကနေ စထွက်တယ်၊ လမ်းဆုံကျတော့ သူတို့တားထားတယ်"
တုံရွာ၊ ဆည်တဲ၊ ဇီးတော၊ မိုးကြိုးပြင်အလယ်ရွာ၊ အနောက်ရွာ၊ အရှေ့ရွာစတဲ့ ကျေးရွာ ၁၅ ရွာက တောင်သူတွေ ဟာ မိုးကြိုးပြင် အလယ်ရွာကနေ ဝမ်ပေါင်ကုမ္ပဏီရှေ့အထိ လမ်းလျောက်ဆန္ဒပြခဲ့ကြရာမှာ လုံခြုံရေးရဲတွေက တားဆီးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ်က ဝမ်ပေါင်ကုမ္ပဏီက ယာမြေတွေကို ခြံစည်းရိုးခတ်တဲ့အတွက် သီးနှံလျော်ကြေးပေးခဲ့တာ ဖြစ်ပါတယ်။
