ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု စာအုပ်ဖြန့်ချိတဲ့ လွင်ဦးစာပေ အပိတ်ခံရ

ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုအကြောင်း ရေးသားထားတဲ့စာအုပ်ကို တင်သွင်း၊ ဖြန့်ချိ ရောင်းချခဲ့တဲ့အတွက် လွင်ဦးစာပေတိုက်ကို မေလ ၂၈ ရက်နေ့ကစလို့ စစ်ကောင်စီက ထုတ်ဝေခွင့် ပိတ်လိုက်ပါတယ်။

လွင်ဦးစာပေဟာ Myanmar's Rohingya Genocide: Identity, History and Hate Speech ဆိုတဲ့ စာအုပ်ကို Facebook ကနေတစ်ဆင့် ဖြန့်ချိရောင်းချခဲ့တဲ့အတွက် အခုလို ပိတ်လိုက်ရတာလို့ မေလ ၃၁ ရက် စစ်ကောင်စီရဲ့ သတင်းစာကနေ ဖော်ပြထားပါတယ်။

စစ်ကောင်စီက လွင်ဦးစာပေကို အခုလိုပိတ်လိုက်တာဟာ နိုင်ငံရေး၊ သမိုင်းအကြောင်း တွေကို သိခွင့်မပေးတဲ့ အခြေအနေဖြစ်နေတယ်လို့ ရန်ကုန်မြို့က စာဖတ်ပရိသတ် တစ်ယောက်က RFA ကို ပြောပါတယ်။

"လွင်ဦးစာပေက နိုင်ငံရေး၊ သမိုင်းကြောင်း စတဲ့ ပြည်တွင်း၊ ပြည်ပက စာရေးသူတွေရဲ့ စာအုပ်တွေကို ဖတ်ခွင့်ရအောင် ဖြန့်ဖြူးရောင်းချပေးနေတာလေ။ အခုလို လိုင်စင်ရုပ် သိမ်းခံရပြီး ထုတ်ဝေခွင့်မရှိတော့ ဘူးဆိုတော့ မြန်မာပြည်သူတွေ သိခွင့်ရှိတာ မသိရ တော့ဘူး။ အဲလိုအခြေအနေ ဖြစ်သွားပြီ"

ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (က) နဲ့ ငြိစွန်းတယ်ဆိုပြီး လွင်ဦးစာပေကို စစ်ကောင်စီက စွပ်စွဲထားပြီး အဲဒီဥပဒေမှာ တိုင်းရင်းသားလူမျိုးအချင်းချင်း၊ နိုင်ငံသား အချင်းချင်း လူမျိုးရေးအရ၊ ဘာသာရေးအရ၊ ယဉ်ကျေးမှုအရ ထိခိုက်နစ်နာစေမယ့် အကြောင်းအရာတွေကို မဖော်ပြရဘူးလို့ အဓိပ္ပာယ် ဖွင့်ဆိုထားတာ တွေ့ရပါတယ်။

စာရေးဆရာ Ronan Lee ရေးထားတဲ့ Myanmar's Rohingya Genocide စာအုပ်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်မှာ လန်ဒန်အခြေစိုက် I.B. Tauris ပုံနှိပ်တိုက်က အင်္ဂလိပ်ဘာ သာနဲ့ ရေးသားထုတ်ဝေထား တဲ့ စာအုပ်တစ်အုပ်ဖြစ်ပြီး ကမ္ဘာကျော် အရောင်းဝက်ဆိုက်ဒ် တွေမှာလည်း ဝယ်ယူရရှိနိုင်တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။

ဒီလို ထုတ်ဝေခွင့် ပိတ်ပင်ခံရတာနဲ့ ပတ်သက်လို့ လွင်ဦးစာပေကို တယ်လီဖုန်းကတစ်ဆင့် RFA က ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရခဲ့ပါဘူး။

ဒီဖြစ်ရပ်မတိုင်ခင်က ဧပြီလအတွင်းမှာ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက ရွှေလာဘ် စာပေတိုက်၊ ဝင်းတိုးအောင် ပုံနှိပ်တိုက်နဲ့ ရန်အောင်စာပေတိုက်တို့ကို ထုတ်ဝေခွင့်ပိတ်ပင် ခဲ့ပြီး အခုဆို ပိတ်ပင်ခံရတဲ့ စာပေတိုက်လေးခု ရှိလာပြီ ဖြစ်ပါတယ်။