ဆိုင်ကလုန်းမုန်တိုင်းကို အနီရောင်အဆင့် သတ်မှတ်


2017.04.16
storm-apr16-620.jpg မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဧပြီလ ၁၆ ရက်နေ့ ထုတ်ပြန်ချက်ကို တွေ့ရစဉ်
ဓါတ်ပုံ - မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မာရသာ ဆိုင်ကလုန်းမုန်တိုင်းဟာ ဒီနေ့ည သန်းခေါင်ယံအချိန်မှာ ရခိုင်ကမ်းရိုးတန်းဘက်ကို ဖြတ်ကျော်ဝင်ရောက်မှာဖြစ်တဲ့အတွက် အနီရောင်အဆင့် သတ်မှတ်လိုက်ပြီလို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

အဲဒီမုန်တိုင်းဟာ ရခိုင်ပြည်နယ် စစ်တွေမြို့နဲ့ သံတွဲမြို့ကြားကို ဖြတ်ကျော်မှာဖြစ်တဲ့အတွက် အဲဒီဒေသမှာနေထိုင် သူတွေ အန္တရာယ်ကင်းလွတ်နိုင်တဲ့နေရာတွေကို ရှောင်ရှားဖို့ လိုနေပြီလို့ မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ပြောပါတယ်။

"လေဖိအားကတော့ တစ်နာရီ လေတိုက်ခိုက်နုန်းကတော့ မိုင် ၅ဝ၊ ၆ဝ  လောက်ရှိတယ်ပေါ့နော်။ မုန်တိုင်း က ဒီည သန်းခေါင်လောက်မှာ စစ်တွေနဲ့  သံတွဲကြားကနေ ဖြတ်ကျော်နိုင်တယ်လို့ ခန့်မှန်း ရပါတယ်။  အနီရောင်အဆင့်ထုတ်ပြီဆိုရင်တော့ မိမိတို့ဒေသက ဘေးအန္တရာယ်ကျရောက်တဲ့  နေရာ မှာရှိပြီဆိုရင် မုန်တိုင်းဘေးလွတ်တဲ့နေရာတွေကို ရှောင်ရှားရမယ့်  အနေထားလေးတွေ ရှိတယ်ပေါ့နော် ။ အခိုင်အမာရှိတဲ့ အဆောက်အဦးတွေ၊  လေကွယ်ရပ်မှာရှိတဲ့ တောင်ကုန်းတောင်တန်းတွေ မှာ ရှောင်ရှားဖို့တော့  လိုလာပြီပေါ့နော်"

အနီရောင်အဆင့် သတ်မှတ်ချက်ဟာ မြန်မာ့ကမ်းရိုးတန်းကို ၁၂ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်ဖြတ်ကျော်နိုင်တဲ့အတွက် ကြိုတင်ရှောင်ရှားဖို့ သတိပေးချက်ဖြစ်ပါတယ်။

မာရသာ ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် ဒီနေ့နဲ့ မနက်ဖြန်မှာ နေပြည်တော်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ရှမ်း၊ ရခိုင်၊ ကယားနဲ့ မွန်ပြည်နယ်တို့မှာ မိုးရွာနိုင်ပါတယ်။

မုန်တိုင်းအရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ မိုးသက်လေပြင်းတွေကျပြီး လှိုင်းကြီးနိုင်ပါတယ်။

ဒါ့အပြင် လေပြင်းတိုက်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနဲ့အတူ မြေပြိုတာတွေလည်း ဖြစ်နိုင်တဲ့အတွက် ကုန်းမြင့်အနီးမှာ နေထိုင်သူတွေ မြေပြိုမှုအန္တရာယ်ကို သတိထားဖို့လည်း ပြောပါတယ်။

ကမ်းရိုးတန်းတစ်လျှောက်နဲ့ မြစ်ငယ်၊ ချောင်းငယ်တွေအနားမှာ နေထိုင်သူတွေအနေနဲ့လည်း ရေကြီး၊ ရေလျှံ တာတွေဖြစ်နိုင်တာကြောင့် သတိထားနေထိုင်ဖို့ ကြိုတင်ကြေညာထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။