မုန်တိုင်းဒဏ်ခံရနိုင်တဲ့ နေရာတွေ က ဒေသခံတွေ ကို ပြောင်းရွှေ့ပေးမည်

"မာရသာ"အမည်ရှိတဲ့ မုန်တိုင်းဒဏ်ခံရနိုင် တဲ့ ရခိုင်ပြည်နယ် မြို့နယ်တချို့က ဒေသ ခံတွေကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးသွားမယ်လို့ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောပါတယ်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှာ ဧပြီလ ၁၆ ရက်နေ့က ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကို တွေ့ရစဉ် Photo: Win Ko Ko Latt/RFA

"မာရသာ"အမည်ရှိတဲ့ မုန်တိုင်းဒဏ်ခံရနိုင်တဲ့ ရခိုင်ပြည်နယ် မြို့နယ်တချို့က ဒေသခံတွေကို ဘေးလွတ် ရာ ပြောင်းရွှေ့ပေးသွားမယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ပြောပါတယ်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှာ ဒီကနေ့ ကျင်းပတဲ့ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးအပြီးမှာ ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ပြောတာဖြစ်ပါတယ်။

"တကယ်မုန်တိုင်းကျရောက်မယ်လို့ တိုက်ရိုက်  ကျနော်တို့ပြောထားတဲ့နေရာတွေ  ရွှေ့မယ်၊ ရွှေ့မယ် ဆိုတာ အတတ်နိုင်ဆုံး  ကျနော်တို့ရွှေ့မယ်၊  အချိန်ကိုက်ရွှေ့မယ်၊ ဒီညနေ ၆ နာရီပေါ့နော်၊ ကျနော်တို့  အခုနကတုန်း က  တင်ပြချက်တွေ အကုန်လုံးကို စိစစ်လိုက်တဲ့အခါကျတော့ ညနေ ၆  နာရီမှာ  ရွှေ့ ကိုရွှေ့ရမယ်၊ ၁၂ နာရီ မှာ သေချာပေါက်  ဝင်နိုင်တဲ့သဘောရှိပါတယ်၊ အဓိကတော့  ရခိုင်ဘက်ပဲ"

မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ မုန်တိုင်းရဲ့ တည်နေရာဟာ စစ်တွေမြို့ရဲ့ အနောက်တောင်ဘက် ၂၂၅ မိုင်နဲ့ သံတွဲမြို့ရဲ့ အနောက်တောင်ဘက် မိုင် ၁၇ဝ မှာ တည်ရှိနေတယ်လို့ သိရပါတယ်။

အဲဒီမုန်တိုင်းဟာ စစ်တွေမြို့နှင့် သံတွဲမြို့ကြားကနေ ဖြတ်ကျော်ဝင်ရောက်မှာဖြစ်ပြီး အနီရောင်အဆင့် သတ်မှတ်လိုက်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက သတိပေး ထုတ်ပြန်ထားပါတယ်။

မုန်တိုင်းဟာ ကုန်တွင်းမုန်တိုင်းငယ်အဖြစ် ဧပြီလ ၁၇ ရက်အထိ ဆက်ရှိနိုင်တဲ့အတွက် တစ်နိုင်ငံလုံးမှာ မိုးဆက်လက်ရွာနိုင်တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် ရမ်းဗြဲ၊ သံတွဲ၊ ကျောက်ဖြူ၊ စစ်တွေနဲ့ မြောက်ဦးခရိုင်တွေအတွက် ကယ်ဆယ်ရေးပစ္စည်းတွေ အဆင်သင့်ပြင်ဆင်ထားပြီး မြို့နယ်အသီးသီးက ရပ်ကွက်၊ ကျေးရွာတွေမှာ မုန်တိုင်း သတိပေးနှိုးဆော် တာတွေ ပြုလုပ်နေကြပါတယ်။

မုန်တိုင်းဒဏ်ခံရနိုင်ခြေ အများဆုံးရှိနေတဲ့ မြစ်ဝကျွန်းပေါ်နဲ့ မကွေးတိုင်းဒေသကြီးတွေအပြင် တစ်နိုင်ငံလုံးကို သတိပြုနေထိုင်ကြဖို့ အချိန်နဲ့တစ်ပြေးညီနှိုးဆော်မှုတွေ လုပ်ဆောင်နေတယ်လို့လည်း ဒေါက်တာဝင်းမြတ်အေး က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org