အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) ဆိုင်းဘုတ်တွေကို ဒီနေ့ နောက်ဆုံးထားဖြုတ်ချဖို့ အစိုးရက ကြေညာထားပေမယ့် မဖြုတ်ဘဲ ဆက်ထားနိုင်အောင် ကာကွယ်သွားမှာဖြစ်သလို အစိုးရရဲ့ ကြေညာ ချက်ကို ကန့်ကွက်ကြောင်း မျိုးချစ်မြန်မာ ရဟန်းတော်များ သမဂ္ဂက ဒီနေ့ ကြေညာချက် ထုတ်လိုက်ပါတယ်။
မဘသ ဆိုင်းဘုတ်တွေကို မဖြုတ်နိုင်အောင် ကာကွယ်သွားမယ်လို့ မျိုးချစ်မြန်မာ ရဟန်းတော်များ သမဂ္ဂ မန္တလေးတိုင်း အတွင်းရေးမှူး ဦးစန္ဒာသီရိက မိန့်ပါတယ်။
"ဘာသာ၊ သာသနာကို ဖိနှိပ်တယ်၊ ဒီအစိုးရကပြောမယ်ဆိုရင်တော့ သမိုင်းတရားခံပဲ၊ သဘောထားကြေညာချက်တွေ ထုတ်ပြန်ထားတာပဲ၊ လိုအပ်ရင်သပိတ်မှောက်သွားမှာပဲ၊ သူတို့ကအကြမ်းဖက်မယ်ဆိုရင်တော့ သူတို့သဘောပဲလေ၊ တို့ကတော့ ငုံ့ခံမှာတော့မဟုတ်ဘူး၊ တို့ကတော့ ကာကွယ်စောင့်ရှောက်သွားမယ်"
မြန်မာတစ်နိုင်ငံလုံးက မဘသ ဆိုင်းဘုတ်တွေကို ဒီနေ့ နောက်ဆုံးထားဖြုတ်သိမ်းဖို့နဲ့ လိုက်နာဖို့ ပျက်ကွယ်မယ် ဆိုရင် အာဏာစက်နဲ့ အရေးယူသွားမယ်လို့ မနေ့ညက အစိုးရပိုင်ရုပ်သံကနေ ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။
၂ဝ၁၇ ခုနှစ် မေလ ၂၃ ရက်နေ့မှာ ကျင်းပတဲ့ သတ္တမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ အစည်းအဝေး ဆုံးဖြတ်ချက်အရ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ မဘသ ဆိုင်းဘုတ်တွေကို ဒီနေ့ အပြီးဖြုတ်သိမ်းပေးဖို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ မဘသအဖွဲ့ဟာ တရားဝင် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း မဟုတ်ကြောင်း ၂ဝ၁၆ ခုနှစ် ဇူလိုင် ၁၄ ရက်နေ့က ကျင်းပခဲ့တဲ့ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ ၄၇ ပါးစုံညီ ဧကာဒဿမ အစည်းအဝေးမှာ ဆုံးဖြတ်ချက် ချမှတ်ခဲ့ပြီး ဖြစ်ပါတယ်။
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ မဘသအဖွဲ့ ဆိုင်းဘုတ်တွေ ဖြုတ်ခိုင်းတဲ့ ညွှန်ကြားချက်နဲ့ ပတ်သက်ပြီး နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကြီးနဲ့ ဖားအောက်တောရဆရာတော်၊ တိပိဋကယောဆရာတော် တို့ကလည်း သံဃာထုထံ ပန်ကြားလွှာတွေ ရေးသားထုတ်ပြန် လျှောက်ခဲ့ကြပါတယ်။
