စုံစမ်းရေး အရင်လုပ်မယ့်အစား ချက်ချင်းရပ်ဆိုင်းဖို့ ညွှန်ကြားသင့်


2015.12.24
pharkant-machin-620.jpg ကချင်ပြည်နယ် ဖားကန့်ဒေသ ကျောက်စိမ်းလုပ်ကွက်တွေမှာ အသုံးပြုနေတဲ့ စက်ယန္တရားတွေကို တွေ့ရစဉ်
Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ် ဖားကန့်ဒေသကို တရုတ်ပြည်က မြေတူးစက်ကြီးတွေနဲ့ မြေသယ်ကားကြီးတွေ ရောက်လာပြီး အလွန်အကျွံ ကျောက်စိမ်းတူးဖေါ်နေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာနဲ့ ပတ်သက်လို့ အစိုးရအနေနဲ့ စုံစမ်းရေးအရင်ဆုံးလုပ်မယ့်အစား၊ အဲ့ဒီလုပ်ငန်းတွေ ချက်ချင်းရပ်ဖို့ ညွှန်ကြားသင့်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သဘာပတိ ဦးတင်ဦးက ပြောကြားလိုက်ပါတယ်။

လုပ်ငန်းတွေခေတ္တရပ်ထားဖို့ အရင်မညွှန်ကြားပဲ စုံစမ်းစစ်ဆေးရေးကိုလုပ်မယ်ဆိုရင် အချိန်နှောင်းသွားပြီး ဆုံးရှုံးရမယ့်သယံဇာတတွေအတွက် နှမြောစရာဖြစ်မယ်လို့ ဦးတင်ဦးက RFA ကိုပြောပါတယ်။

"တရားမျှတစွာ ထုတ်ယူတဲ့ဟာမျိုးကိုဖြစ်အောင် ပြန်လုပ်တယ်ဆိုတာမျိုးကို လိုလားတယ်၊ ဒီလိုမဟုတ်ပဲနဲ့ အခုဟာက စစ်မယ်၊ မေးမယ်၊ ဟိုဘက်ကလည်း သယ်နေတာတွေကလည်း ဆက်သယ်နေဦးမယ်ဆိုတော့ သိပ်သဘာဝမကျဘူး၊ ကျနော်သဘော ပြောရမယ်ဆိုရင်တော့ ဒီလောက်ဆိုးဆိုးဝါးဝါးကြီး ဖြစ်ထားတဲ့နေရာမျိုး ကိုတော့ ချက်ချင်း အမိန့်ထုတ်ပြီးတော့ ရပ်လိုက်ပြီးတော့မှ စစ်စရာရှိတာ မေးစရာရှိတာ တင်ပြဖို့ပေါ့ ၊ လေ့လာစရာရှိတာ တင်ပြစရာရှိတာတွေက လုပ်တာကမှန်ကန်တယ်လို့မထင်ပဲ၊ အခုလို အချိန်ယူပြီး စဉ်းစားဦးမယ်နဲ့သွားရင် ဒါကမိနစ်ပိုင်း နာရီပိုင်းမှာ ကုန်အောင်ညှိပြီးတော့ ယူသွားဦးမယ်အပေါ်မှာတော့ အင်မတန်မှ နှမျောပါတယ်"

လတ်တလော တိုင်းပြည်မှာဖြစ်နေတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ဦးတင်ဦးကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါ အခုလို ထည့်သွင်းပြောဆိုလိုက်တာပါ။

ဒါ့အပြင် ပညာရေးကိစ္စနဲ့ပတ်သက်လို့ ဖမ်းဆီးထားတဲ့ ကျောင်းသားတွေကို လုံးဝချွင်းချက်မရှိ လွှတ်ပေးသင့်ပြီလို့ ဦးတင်ဦးက ပြောပါတယ်။

ဦးတင်ဦးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။