မတ္တရာမြို့နယ်က စစ်ဘေးဒုက္ခသည်တွေ စားနပ်ရိက္ခာ ပြတ်လပ်
2024.11.02
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကြောင့် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ဒေသခံ ငါးထောင်ခန့်ဟာ စားနပ်ရိက္ခာ ပြတ်လပ်မှုနဲ့ ကြုံနေရတယ်လို့ ဒေသခံတွေက RFA ကို နိုဝင်ဘာလ ၂ ရက် ဒီနေ့ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ဒုတိယအပတ်ထဲက မတ္တရာမြို့နယ်မှာ အင်အား ငါးဆယ်ခန့်ပါတဲ့ စစ်ကောင်စီတပ်က ရွာတွေထဲစီးနင်းပြီး လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေပါ လုပ်နေတာလို့ ဆိုပါတယ်။
ဒါကြောင့် တုံကုန်း၊ ယမ်းကုန်း၊ ဝန်စုနဲ့ ရွာသစ်ရွာ အပါအဝင် ရွာပေါင်း ၁၅ ရွာက ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပြီး စားနပ်ရိက္ခာပြတ်လပ်မှုကြုံနေရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မတ္တရာဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
“စားဝတ်နေရေးနဲ့ နေထိုင်ရေးက ခက်ခဲတယ်ဗျ။ နေရေးထိုင်ရေးကလည်း တစ်နေရာနဲ့ တစ်နေရာ ကူးသွားတဲ့ အခါကျတော့လည်း မလွယ်ဘူး။ နောက်တစ်ခါက◌ျတော့ စားဝတ်နေရေးမှာက အရင်လို အဆင်မပြေဘူးဗျ။ ကျပ်တည်းတယ်။ အစစအရာရာ ကုန်စျေးနှုန်းက ကြီးတဲ့အခါကျတော့ ဆန်တို့၊ စားစရာပေါ့နော်။ အဲဒါတွေ အခက်အခဲ ဖြစ်တယ်ဗျ”
စစ်ကောင်စီတပ်က တုံကုန်း၊ ဝန်စုနဲ့ ရွာသစ်ရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားပြီး ဒီနေ့မှာ အဲဒီ စစ်ကြောင်းဟာ မီးရှို့ခံထားရတဲ့ ရွာတွေရဲ့ အနောက်ဘက် ထိန်ပင်စောက်နဲ့ မြွေတဲအုပ်ရွာအနီးမှာ စစ်ကြောင်း ဆက်ထိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ တုံ့ချက်ရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က နိုဝင်ဘာ ၂ ရက်နေ့ ဒီနေ့မှာ ဆက်သွယ်ပေမဲ့ ဖုန်းမကိုင်ပါဘူး။
ပြီးခဲ့တဲ့ လအတွင်း စစ်ကောင်စီက လက်လွှတ်လိုက်ရတဲ့ စစ်စခန်းတွေ ပြန်ရဖို့ ထိုးစစ်ဆင်နေတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေးနဲ့ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။
အောက်တိုဘာ ၂၁ ရက်နေ့က မတ္တရာမြို့နယ် အနောက်ခြမ်းမှာရှိတဲ့ ဧရာဝတီမြစ်ဘေးက ရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် မြွေတလိုင်းရွာအနီး စက်လှေပေါ်က တစ်နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ အသက် ၂၈ နှစ်အရွယ် မိခင်ဖြစ်သူတို့ သေဆုံးသွားပါတယ်။