မကွေးတိုင်းမှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ ဩဂုတ်လ ၁၈ ရက်နေ့အထိ ရှစ်လအတွင်း အရပ်သား ၅၁ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဩဂုတ်လ ၁၈ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
သေဆုံးသူတွေထဲမှာ အမျိုးသမီး ၁၄ ဦးနဲ့ အမျိုးသား ၃၇ ဦး စုစုပေါင်း ၅၁ ဦး ပါဝင်ပါတယ်။
သေဆုံးသူတွေဟာ စစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက် ထောင်ထဲမှာ၊ စစ်ကြောရေးမှာ၊ လမ်းတွေပေါ်မှာ အသတ်ခံလိုက်ရသူတွေဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
မကွေးတိုင်းမှာလည်း အခြားတိုင်းနဲ့ပြည်နယ်တွေလိုပဲ စစ်ကောင်စီတပ်တွေက ဖမ်းဆီးသတ်ဖြတ်တာတွေရှိပြီး ဆိပ်ဖြူ၊ ပခုက္ကူ စတဲ့မြို့နယ်တွေမှာ စစ်ကြောင်းထိုးတဲ့အခါတိုင်းလိုလိုမှာ ပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီးသွားတာ၊ သတ်ဖြတ်သွားတာတွေ ရှိခဲ့တယ်လို့ မကွေးဒေသခံတစ်ဦးကပြောပါတယ်။
ဒီရှစ်လအတွင်းမှာပဲ မကွေးတိုင်းမှာ စစ်ကောင်စီရဲ့ အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးခံခဲ့ရသူ အမျိုးသား ၁၄၅ ဦး နဲ့ အမျိုးသမီး ၃၅ ဦး စုစုပေါင်း ၁၈၀ ဦး ရှိပြီး အဲထဲမှာ စစ်ကောင်စီလက်အောက်ခံ တရားရုံးတွေကနေ ထောင်ချခံရသူ ၈၀ နီးပါးရှိတယ်လို့လည်း AAPP စာရင်းမှာ ဖော်ပြထားပါတယ်။
မကွေးတိုင်းတင်မကဘဲ တစ်နိုင်ငံလုံးက စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ပါဝင်တဲ့သူအများစုဟာ အကြမ်းဖက်မှုပုဒ်မတွေနဲ့ မတရားဖမ်းဆီးခံရ၊ မတရားသဖြင့် တရားစွဲခံရ၊ ထောင်ချခံနေရတယ်လို့ AAPP တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒီအချက်အလက်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းဆီ RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာမရှိပါဘူး။
AAPP စာရင်းတွေအရ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂ဝ၂၃၊ ဩဂုတ်လ ၁၈ ရက်နေ့ထိ စစ်တပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်ခံရသူ ၃,၉၅၉ ဦးရှိပြီး ၂၄,၃၅၂ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။