သတင်းထောက် ၃ ဦးကို ၆၆ဃနဲ့ တရားစွဲ
မကွေးတိုင်းဒေသကြီးက ဒေသခံ သတင်းထောက် ၃ ဦးကို မကွေးမြို့နယ် မယ်လှတောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးက ဖေ့ဘွတ်စာမျက်နှာမှာ မမှန်မကန် ရေးသားပြောဆို တယ် ဆိုပြီး ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃ နဲ့ မကွေး နယ်မြေ ရဲစခန်းမှာ တရားစွဲဆိုလိုက်ပါတယ်။
-
2017-06-15 -
-
-
မကွေးတိုင်းဒေသကြီးက ဒေသခံ သတင်းထောက် ၃ ဦးကို မကွေးမြို့နယ် မယ်လှတောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ဖေ့ဘွတ်စာမျက်နှာမှာ မမှန်မကန် ရေးသားပြောဆိုတယ်ဆိုပြီး ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ ဃ နဲ့ မကွေးနယ်မြေရဲစခန်းမှာ တရားစွဲဆိုလိုက်ပါတယ်။
တရားစွဲဆိုထားတာကိုတော့ သိထားပြီး စခန်းက လာရောက်အကြောင်းကြားတာတော့ မရှိသေးဘူးလို့ တရားစွဲဆို ခံထားရသူတစ်ဦးဖြစ်တဲ့ မကွေးမြို့ MGY ဂျာနယ်တာဝန်ခံအယ်ဒီတာ ဦးတင်ရွှေ (မင်းဘူး) ကပြောပါတယ်။
"ကျနော်တင်တဲ့ပို့စ်က တိုင်းဒေသကြီးအစိုးရက အုတ်လုပ်ငန်းတွေ သဲကျောက်လုပ်ငန်းတွေကို ပိတ်ထား တယ်၊ အဲ့မှာ အုတ်လုပ်ငန်းတွေကို တရားမဝင်လုပ်နေတယ် နောက်တစ်ခုက အပင်တွေကို ဘိုဒိုဇာနဲ့ ထိုးဖို့ လုပ်နေတာကို ဒေသခံတွေက ကန့်ကွက်နေတယ်ဆိုပြီး အဲ့နှစ်စ်ခုကို တွဲတင်တာပေါ့။ ကျနော်အပါအဝင် ဇာဇာ(မကွေး)ရယ်၊ နေခြည်ရယ်ကို အမှုဖွင့်ထားတယ်၊ ကျနော့်ကိုတော့ အမှုဖွင့်ထားတယ်ဆိုပြီး ဒီနေ့အထိ ဖုန်းမဆက်သေးဘူး"
"တင်ရွှေ မင်းဘူး" နာမည်နဲ့ အသုံးပြုတဲ့ ဖေ့ဘွတ်စာမျက်နှာမှာ မကွေးမြို့က အုတ်ဖုတ်လုပ်ငန်းတွေကို တာဝန်ရှိ သူတွေအနေနဲ့ ကွင်းဆင်းစစ်ဆေးဖို့နဲ့ သစ်ပင်တွေကို ဘိုဒူဇာနဲ့ ထိုးဖို့လုပ်နေတဲ့အပေါ် မြင်းကင်းကျေးရွာသားတွေ က ကန့်ကွက်နေကြောင်း ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့က ရေးသားခဲ့တာကို မမှန်မကန်ရေးသားတယ်ဆိုပြီး တရားစွဲ ဆိုလိုက်တာဖြစ်ပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး MGY ဂျာနယ်တာဝန်ခံအယ်ဒီတာ တင်ရွှေမင်းဘူး၊ ဒီမိုကရေစီတူဒေး သတင်းထောက် မဇာဇာစန်း၊ မြန်မာတိုင်းမ်နဲ့ ဒီလှိုင်း(ချောက်) သတင်းထောက် မဖူးပွင့်နေခြည် တို့ကို ပြီးခဲ့တဲ့ ဇွန်လ ၁ဝ ရက်နေ့က မကွေးနယ်မြေရဲစခန်းမှာ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။
ဖေ့ဘွတ်မှာရေးသားတဲ့သူက ဦးတင်ရွှေ မင်းဘူးဖြစ်ပြီး အဲဒီအောက်မှာ မဇာဇာစန်းက မဖြစ်သင့်တာတွေလို့ ကွန်မန့်ဝင်ပေးခဲ့တာဖြစ်ပါတယ်။ မဖူးပွင့်နေခြည် က ပို့စ်ကို လိုက်ခ်လဲမလုပ်၊ ရှဲလ်လဲမလုပ်၊ ကွန်မန့် လဲ ပေးတာမရှိပေမယ့် ဘာကြောင့် ထည့်သွင်းအမှုဖွင့်တယ်ဆိုတာ မသိရဘူးလို့ ဦးတင်ရွေ မင်းဘူး ကပြောပါတယ်။