မကွေးမြို့သစ်စီမံကိန်း ဒေသခံများ ကန့်ကွက်
2015.03.09
မကွေးတိုင်းဒေသကြီး မကွေးမြို့မှာ အကောင်အထည်ဖော်မယ့် မြို့သစ်စီမံကိန်းကို ကန့်ကွက်ကြောင်း ဒေသခံတွေ က မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ထံ တင်ပြလိုက်ပါတယ်။
မကွေးမြို့ မကျီးကန်ကျေးရွာမှာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြေစာရင်းဦးစီးဌာန၊ ရေအရင်းအမြစ်ဦးစီးဌာန တာဝန်ရှိသူတွေနဲ့ ဒီနေ့ တွေ့ဆုံရာမှာ ကန့်ကွက်တင်ပြခဲ့တာဖြစ်တယ်လို့ မကျီးကန် ကျေးရွာသား ဦးကျော်ဌေးက ပြောပါတယ်။
"သူတို့ အခုလောလောဆယ်တော့ မဖြစ်နိုင်ပါဘူးပေါ့၊ ခင်ဗျားတို့ဘက်က စိုးရိမ်စိတ်တွေ သံသယတွေ လွန်ကဲနေ တာပါပေါ့၊ သူတို့ဘက်က အိုးအိမ်တို့ဘာတို့ကနေပြီးတော့ မကွေးမြို့နယ် မြို့ချဲ့ဖို့အတွက် ၃ဝ x ၅ဝ စီမံကိန်း ကို ပေးထားတဲ့ပုံစံမျိုးလေးပါပေါ့ တောင်သူတွေကတော့ မြို့ပြကိုလက်မခံနိုင်ကြောင်း ပြန်လည်ပြီးတော့ပြော ထားတယ်"
မကွေးမြို့သစ်စီမံကိန်းကို မကွေးမြို့ နွားကူး၊ မကျီးကန်၊ သန်းတောကုန်း၊ ပထိုးစမ်း စတဲ့ ကျေးရွာ ၆၀ ကျော်က လယ်မြေဧက သုံးသောင်းကျော်မှာ အကောင်အထည်ဖော်မှာဖြစ်ပါတယ်။
စီမံကိန်းဧရိယာမှာပါဝင်တဲ့ ဒေသခံတောင်သူ ၂၀၀ ကျော်က မြို့သစ်စီမံကိန်းကို ကန့်ကွက်ကြောင်း လက်မှတ်ရေးထိုးပြီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြခဲ့ကြပါတယ်။
အဲဒီလိုလက်မှတ်ရေးထိုး ကန့်ကွက်သူတွေကို သက်ဆိုင်ရာက ဒီနေ့ခေါ်ယူတွေ့ဆုံတာဖြစ်ပါတယ်။









