ထိုင်းနိုင်ငံ မဟာချိုင်မြို့ နာနတ်သီးစက်ရုံက အဖမ်းခံရတဲ့ မြန်မာအလုပ်သမားများအနက် ၄၇ ဦး ပြန်လွတ်လာပြီး ကျန် ၅၀ ကျော်အတွက် ညိုနှိုင်းစဲဖြစ်တယ်လို့ မြန်မာသံရုံးက ပြောပါတယ်။
ဇူလိုင်လ ၁ ရက်နေ့က ရဲတပ်ဖွဲ့က စက်ရုံအတွင်း လာရောက်စစ်ဆေးပြီး ဖမ်းသွားတာဖြစ်ပါတယ်။ သူတို့ရဲ့ အလုပ် သမားပါမစ်တွေမှာ စက်ရုံနာမည်မတူလို့ ဖမ်းတာဖြစ်တယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါ တယ်။ မဟာချိုင်မြို့ရဲစခန်းမှာ အလုပ်သမားတွေ ပြန်လွတ်ရေးဆောင်ရွက်ပေးနေသူ မြန်မာသံအရာရှိ ဦးအောင်ကိုသန့် က အခြေအနေကို ပြောပြပါတယ်။
"ညှိလို့ရသလောက်တော့ ၄၇ ယောက်က ဒဏ်ကြေးနဲ့ လွှတ်ပေးလိုက်ပြီ၊ အားလုံးဖမ်းထားတာ ၉၂ ယောက်ပါ၊ ကျန်တဲ့လူတွေက အထောက်အထားမပြည့်စုံလို့ အထောက်အထားတွေ မှားနေလို့ပါ၊ ကျန်တဲ့ဟာလေးတွေက ကျနော်ညှိပြီး ဆောင်ရွက်ပေးနေစဲဖြစ်ပါတယ်၊ အသေးစိတ်မပြီးတဲ့အခါကျတော့ ပြောဖို့စောလွန်းတယ်"
မနေ့က ဒဏ်ရိုက်ပြီး လွတ်မြောက်လာသူ ၄၇ ဦးကို စက်ရုံက အလုပ်ပြန်မပေးဘူးလို့လည်း သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အလုပ်ရှင်ကို တရားစွဲဖို့ စီစဉ်နေတယ်လို့ မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေတဲ့ AAC အဖွဲ့က ကိုရဲမင်း က ပြောပါတယ်။
အဖမ်းခံထားရသူအနက် အလုပ်သမား ၂၅ ဦးကို ဒဏ်ငွေ ဘတ် ငါးသောင်း ရိုက်ထားတာကြောင့် အလုပ်သမားတွေ က ထောင်ကျခံဖို့ ဆုံးဖြတ်တယ်လို့ သိရပါတယ်။ လက်ရှိအနေနဲ့ လွတ်မြောက်ခြင်းမရှိသူများမှာ MOU လုပ်ထားသူ ၂၅ ဦး ထိုင်းနိုင်ငံမှာပြုလုပ်တဲ့ ယာယီပတ်စ်ပို့ကိုင်ဆောင်သူ ၂၃ ဦးနဲ့ ကလေးအလုပ်သမား ၄ ဦးတို့ ဖြစ်ကြပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေတဲ့ AAC အဖွဲ့က ကိုရဲမင်း ကို ဦးတင်အောင်ခိုင် က ဆက်သွယ်မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။