မလှိုင်မှာ စစ်ကောင်စီ တပ်သားသုံးဦးနဲ့ ရွာအုပ်ချုပ်ရေးမှူးရဲ့ မိသားစုအပါအဝင် ရှစ်ဦးပစ်သတ်ခံရ

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် သက္ကယ်ကျင်းရွာက အုပ်ချုပ်ရေးမှူးနေအိမ်ကို ဇူလိုင် ၂၉ ရက်၊ ညနေ ၅ နာရီခန့်မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေ ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် အုပ်ချုပ်ရေးမှူးရဲ့ မိသားစုဝင် သုံးဦး၊ အနီးအနားမှာရှိသူ နှစ်ဦးနဲ့ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားသုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ဒီပစ်ခတ်မှုကြောင့် အုပ်ချုပ်ရေးမှူးရဲ့ သမီးဖြစ်သူ အသက် သုံးဆယ်ခန့်အရွယ် ဒေါ်သူဇာမြင့်၊ ညီမဖြစ်သူ ငါးဆယ်ခန့်အရွယ် ဒေါ်ကြည်လွင်၊ အစ်ကိုဖြစ်သူ အသက် ခြောက်ဆယ် ခန့်အရွယ် ဦးစိန်ဝင်းအပြင် အနီးအနားမှာစျေးရောင်းနေတဲ့ အသက် ငါးဆယ် ခန့်အရွယ်ဦးခင်စိုးနဲ့ စျေးကူရောင်းနေတဲ့ အသက် နှစ်ဆယ်ခန့်အရွယ် ကိုနေထက်အောင်တို့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အသက် ၅၆ နှစ်ခန့်အရွယ် အုပ်ချုပ်ရေးမှူးဦးသန်းထွန်းနဲ့ ဇနီးဖြစ်သူ ငါးဆယ် ခန့်အရွယ် ဒေါ်သိန်းဌေးတို့ကတော့ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“ ညနေပိုင်းပဲ ပစ်သံတွေကြားတော့ ကြောက်ပြီးတော့ဝပ်နေတာ။ တစ်ခါမှလည်း အနီးကပ်မကြားမိဘူးလေ။ အပြင်ဘက်လည်း မထွက်ရဲဘူး။ အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းနဲ့ သူ့မိန်းမကတော့ လွတ်သွားတယ်။ ကျန်တဲ့ သူ့သမီး၊ အစ်ကို၊ အစ်မနဲ့ အနီးမှာ မလှိုင်ကနေ စျေးလာရောင်းနေတဲ့ ဦးခင်စိုးတို့နှစ်ဦးပေါ့။ အားလုံးငါးဦးပေါ့ သေတယ် ကြားတယ်။ စစ်သားသုံးဦးသေတာက ပြန်အလှည့်မှာဖြစ်တယ်ထင်တယ်။ ပစ်ခတ်သံတွေကတော့ အကြာကြီးပဲ။ အနီးကပ်တစ်ခါမှ မကြားဖူးတော့ အကုန်ကြောက်နေကြတာ။ ထွက်မကြည့်တော့ သေချာမသိဘူး ”

ပစ်ခတ်မှုအပြီးမှာ စစ်ကောင်စီ တပ်သားတွေ ရွာအတွင်း လာရောက် စစ်ဆေး မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

သက္ကယ်ကျင်းရွာ အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းဟာ စစ်တပ်အာဏာသိမ်းပြီးမှ အုပ်ချုပ်ရေးမှူး ဖြစ်လာသူဖြစ်ပြီး သူ့ရဲ့အစ်ကို ဦးစိန်ဝင်းကတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တစ်ဦးဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

Natogyi People Defence Force (မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း) ကတော့ ဒီတိုက်ခိုက်မှုကို မလှိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ နွားထိုးကြီး မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ခဲ့တာဖြစ်တယ်လို့ ဇူလိုင် ၃၁ ရက်၊ မနေ့ ညနေပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်ချက်မှာတော့ သက္ကယ်ကျင်းရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေနဲ့အတူ ပြည်သူအပေါ်အနိုင်ကျင့်နေတဲ့ ပျူစောထီးတွေကို ပူးပေါင်းအဖွဲ့နဲ့ ရှင်းလင်းခဲ့ပြီး ပျူစောထီးအဖွဲ့ဝင်ငါးဦး၊ စစ်ကောင်စီတပ်သားသုံးဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လက်လုပ်သေနတ် နှစ်လက်၊ ကျည် ၁၆ တောင့်နဲ့ ဖုန်းတစ်လုံးလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သေဆုံးသူ ငါးဦးစလုံးဟာ ပျူစောထီးအဖွဲ့ဝင်နဲ့ သတင်းပေး ဟုတ်၊ မဟုတ်ကိုတော့ ဒေသခံတွေကလည်း အတည်မပြုနိုင်သလို RFA အနေနဲ့လည်း အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးကို RFA ကတယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။