အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးအပေါ် မလျော်သြဇာမသုံးဖို့ လွှတ်တော်ဥက္ကဌ သတိပေး

လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပြောဆိုဆောင်ရွက်ချက်တွေဟာ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကဏ္ဍတွေအပေါ် မလျော်သြဇာသုံးတဲ့ သဘောမသက်ရောက်အောင် သတိထားဖို့ လိုတယ်လို့ အမျိုးသားလွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်းက သတိပေးလိုက်ပါတယ်။

ဒီနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး နောက်ဆုံးနေ့မှာ ကိုယ်စားလှယ်တွေကို နှုတ်ဆက် စကားပြောကြားစဉ် သတိပေးလိုက်တာဖြစ်ပါတယ်။

"အုပ်ချုပ်ရေးကဏ္ဍ၊ တရားစီရင်ရေးကဏ္ဍတွေရဲ့ လုပ်ငန်းများကိုလည်း နှံ့နှံ့စပ်စပ်လေ့လာ သိရှိထားဖို့ လိုအပ်ပါတယ်၊ အုပ်ချုပ်ရေးကဏ္ဍ၊ တရားစီရင်ရေးကဏ္ဍများအပေါ် မိမိတို့ လွှတ်တော်ကိုယ်စား လှယ်များရဲ့ အပြောအဆို၊ အပြုအမူဆောင်ရွက်ချက်များဟာ မလျော်သြဇာသုံးတဲ့ သဘောမ သက်ရောက်စေရန် သတိကြီးစွာထားဖို့လိုပါတယ်"

အမျိုးသားလွှတ်တော် အစည်းအဝေးတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၃ ရက်ကနေ ဒီကနေ့ ဇွန်လ ၁၀ ရက်နေ့ အတွင်း အကြိမ်ပေါင်း ၄၀ ကျင်းပခဲ့တာဖြစ်ပါတယ်။

အစည်းအဝေးကာလအတွင်း မေးခွန်းပေါင်း ၄၀ နီးပါး မေးမြန်းခဲ့ပြီး အရေးကြီးအဆိုတစ်ခုကို မှတ်တမ်း တင်ခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ၊ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးဆိုင်ရာ ဥပဒေကြမ်းကို တတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေကြမ်းနဲ့ ငြိမ်းချမ်းစွာ စုဝေးခြင်းနဲ့ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေတွေကို အတည်ပြုပေးနိုင်ခဲ့ပါတယ်။

အမျိုးသားလွှတ်တော် အစည်းအဝေးတွေကို လာမယ့် ဇူလိုင်လအတွင်းမှာ ပြန်လည်ကျင်းပမှာဖြစ်ပြီး လွှတ်တော် ရပ်နားထားစဉ်ကာလအတွင်း ကိုယ်စားလှယ်တွေဟာ သက်ဆိုင်ရာမဲဆန္ဒနယ်တွေမှာ ဒေသဖံ့ွဖြိုးရေးလုပ်ငန်းတွေ နဲ့ လွှတ်တော်လုပ်ငန်းစဉ်တွေအကြောင်း ရှင်းလင်းတာတွေ၊ ဒေသခံတွေနဲ့ တွေ့ဆုံတာတွေ ဆောင်ရွက်ကြ မှာဖြစ်ပါတယ်။