မိုင်းကိုင် ကျောက်မီးသွေးတွင်း ပိတ်သိမ်းပေးဖို့ ကုမ္ပဏီ သဘောတူ


2017.04.14
coal-620.jpg ကျောက်မီးသွေးတုံးများကို တွေ့ရစဉ်
.

သံဃာတော်တွေအပါအဝင် ဒေသခံ ၄၀၀၀ ကျော် ဆန္ဒပြကန့်ကွက်ခဲ့တဲ့  ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ်က ကျောက်မီးသွေးသတ္တုတွင်းကို ပိတ်သိမ်းဖို့အတွက် ကုမ္ပဏီတွေဘက်က မနေ့က သဘောတူလိုက်တယ်လို့ သိရပါတယ်။

မနေ့ကပြုလုပ်ခဲ့တဲ့ သံဃာတွေ၊ ဒေသခံတွေနဲ့ ကျောက်မီးသွေးသတ္တုတွင်း ကုမ္ပဏီပိုင်ရှင်တွေ တွေ့ဆုံပွဲအပြီးမှာ သတ္တုတွင်း လုပ်ငန်းသုံးပစ္စည်းတွေကို တစ်လအတွင်း သိမ်းသွားမယ်လို့ ပြောကြားခဲ့ကြောင်း မိုင်းကိုင်မြို့ နယ် မွေတော်မြောက်ကျောင်းဆရာတော် ဦးသောဇေယျက မိန့်ပါတယ်။

"သူတို့က ဆက်မတူးတော့ဘူး။ လုပ်လည်းမလုပ်တော့ဘူး၊ တစ်လအတွင်းမှာ ပစ္စည်းပြန်သိမ်းပြီးပြန် သွားမယ်တဲ့ အဲ့လိုသဘောတူထားတာ။ ကတိပေးထားတာ။ မတူးတော့ဘူးဆိုတဲ့သဘောပေါ့။ ထွက်သွားမယ့် သဘောပေါ့။ သူတို့လုပ်တဲ့နေရာမှာက ရေဦးထွက်တဲ့နေရာဖြစ်နေလို့လေ။ ရေဦး မှာက တို့အားထားရတဲ့ လယ်လုပ်ရမယ့်နေရာဖြစ်နေတာကြောင့် လယ်လည်းပျက်၊ အဲ့လိုမျိုးဖြစ်နေ တာကြောင့် သူတို့ကို ပေးမလုပ် ချင်ဘူးပေါ့။ အဲ့လိုမျိုးပေါ့"

မိုင်းကိုင်မြို့မှာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ကစပြီး ပြည့်အောင်ဟိန်းကုမ္ပဏီနဲ့ ဟိန်းမေတ္တာကုမ္ပဏီက ကျောက်မီးသွေး သတ္တု အသေးစားထုတ်လုပ်ခွင့် ရရှိပြီး ၂၀၁၇ ခုနှစ်မှာ နှစ်ဆန်းပိုင်းမှာ စတင်တူးဖော်ခဲ့တာဖြစ်ပါတယ်။

ကျောက်မီးသွေး တူးဖော်မယ်ဆိုရင် ရေဝေရေလဲဒေသ သစ်တောများ ပျက်စီးပြုန်းတီးတာ၊ စိုက်ပျိုးရေတွေ ခမ်းခြောက်တာ၊ လယ်ယာမြေတွေပျက်စီးတာနဲ့  စွန့်ပစ်မြေစာတွေကြောင့် လယ်ယာချောင်းမြောင်းတွေ တိမ်ကောတာတွေဖြစ်လာနိုင်တဲ့အတွက် ကန့်ကွက်ကြတာဖြစ်တယ်လို့ မိန့်ပါတယ်။

ဒါ့ကြောင့် ကျောက်မီးသွေးသတ္တုတူးဖော်တဲ့ ကုမ္ပဏီတွေကို ဒေသခံ ၄၀၀၀ လောက်က ဧပြီ ၁၁ ရက်နေ့မှာ ဆန္ဒပြခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။