မြန်မာအပါအဝင် ၉၃ ယောက်ကို မလေးရှား ဖျော်ဖြေရေးဆိုင်တွေမှာ ဖမ်းမိ

RFA Burmese
2024.09.21
မြန်မာအပါအဝင် ၉၃ ယောက်ကို မလေးရှား ဖျော်ဖြေရေးဆိုင်တွေမှာ ဖမ်းမိ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့က မလေးရှားနိုင်ငံရှိ ဖျော်ဖြေရေးဆိုင်များအား လူဝင်မှုကြီးကြပ်ရေး အရာရှိများ ဝင်ရောက် စစ်ဆေးဖမ်းဆီးစဥ်။
Facebook/ Jabatan Imigresen Malaysia

မြန်မာနိုင်ငံသားတွေအပါအဝင် နိုင်ငံ ခုနစ်နိုင်ငံက တရားမဝင် ဝင်ရောက်လာသူ ၉၃ ယောက်ကို မလေးရှားနိုင်ငံရဲ့ ညပိုင်း ဖျော်ဖြေရေးဆိုင်တွေမှာ စက်တင်ဘာ ၁၉ ရက် ညက ဖမ်းမိခဲ့တယ်လို့ မလေးရှားသတင်းတစ်ပုဒ်က ဆိုပါတယ်။

မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုနဲ့ မွန်ဂိုလီးယားနိုင်ငံတွေက အမျိုးသမီး ၇၈ ယောက်နဲ့ အမျိုးသား ၁၅ ယောက်ကို ဖမ်းဆီးမိခဲ့တာ ဖြစ်ပါတယ်။ သူတို့ဟာ အသက် ၁၈ ကနေ ၃၉ နှစ်အရွယ်ရှိတဲ့သူတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေဟာ တရားမဝင် ဝင်ရောက်မှုအတွက် လူဝင်မှုကြီးကြပ်ရေးဥပဒေပုဒ်မနဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေတွေကို ဖောက်ဖျက်ကျူးလွန်တယ်လို့ သံသယရှိနေတယ်လို့လည်း သတင်းက ဆိုပါတယ်။

မလေးရှားနိုင်ငံ၊ ပြည်နယ်လေးခုက လူဝင်မှုကြီးကြပ်ရေးအရာရှိ အယောက် ၇၀ ပါတဲ့အဖွဲ့က ဖျော်ဖြေရေးဆိုင်ခွဲ နှစ်ခုကို ဝင်ရောက်စီးနင်းရာမှာ ဖမ်းမိခဲ့တာပါ။

အဲဒီဖျော်ဖြေရေးဆိုင်တွေမှာ Guest Relation Officer (GRO) လို့ အတိုကောက်ခေါ်တဲ့ ဝန်ဆောင်မှုတွေကို ပေးပြီး မလေးရှားငွေ ရင်းဂစ် ၁၀၀ ကနေ ၁,၀၀၀ ကြား ကောက်ခံတယ်လို့လည်း ရေးသားထားပါတယ်။

GRO ဝန်ဆောင်မှုမှာ လိင်ဖျော်ဖြေရေး ပါ၊ မပါ ဆိုတာတော့ အတိအကျမပြောနိုင်သေးဘူးလို့လည်း ဒုတိယ လူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူးချုပ် က ပြောပါတယ်။

ကနဦးစုံစမ်းစစ်ဆေးမှုတွေအရ အဖမ်းခံထားရတဲ့ နိုင်ငံခြားသားအများစုဟာ ခရီးသွားဗီဇာနဲ့ မလေးရှားကို ဝင်ခဲ့ကြပေမဲ့ တချို့က ဗီဇာသက်တမ်းကုန်သွားပြီဖြစ်ကြောင်းနဲ့ ဥပဒေချိုးဖောက်တဲ့ နိုင်ငံခြားသားမှန်သမျှကို ဆက်လက်အရေးယူသွားမယ်လို့လည်း သူက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။