မလေးအကျဉ်းစခန်းမှာ ထိန်းသိမ်းခံရသူတွေထဲက ၈ဝ ကျော်သာ မြန်မာနိုင်ငံသားဖြစ်


2016.09.10
malaysia-worker-620.jpg မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးဝန်ထမ်းတွေက Belantik Camp မှာ ထိန်းသိမ်းခံထားရသူတွေကို စက်တင်ဘာလ ၆ ရက်နေ့က သွားရောက်စိစစ်စဉ်
Photo: Myanmar Embassy in Kuala Lumpur, Malaysia

မလေးရှားနိုင်ငံက Belantik ထိန်းသိမ်းရေးစခန်းမှာ မြန်မာနိုင်ငံသားအဖြစ် စာရင်းပေးထားသူ တစ်ထောင်နီးပါး ရှိပြီး အဲ့ဒီအထဲက ၈ဝ ကျော်သာ မြန်မာနိုင်ငံသားဖြစ်ကြောင်း စိစစ်တွေ့ရှိထားတယ်လို့ မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးက သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံသားတွေကို  မြန်မာပြည်ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး ဝန်ထမ်းတွေက မြန်မာနိုင်ငံသား ဟုတ်/မဟုတ်ကို သွားရောက်စစ်ဆေးခဲ့တာဖြစ်တယ်။ ကျန်တဲ့သူတွေဟာ UN ကတ်ရရှိဖို့ စောင့်ဆိုင်းနေသူတွေနဲ့  အခြားနိုင်ငံသားတွေဖြစ်တယ်လို့ သံရုံးရဲ့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် မလေးရှားနိုင်ငံက စီမူဂျာထိန်းသိမ်းရေးစခန်းနဲ့ အနောက်ဘက်ပင်မကျွန်းဆွယ်က စခန်း ၁၁ ခုမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား စုစုပေါင်း ၃ သောင်းကျော်ကို ၇ နှစ်အတွင်း ပြန်လည်ပို့ဆောင်နိုင်ခဲ့ တယ်လို့လည်း ဖော်ပြထားပါတယ်။

စီမူဂျာထိန်းသိမ်းရေးစခန်းဟာ မလေးရှားနိုင်ငံ အရှေ့ဘက်ကျွန်းဆွယ်မှာ တည်ရှိတာကြောင့် အခက်အခဲတွေ ရှိတဲ့အတွက် အဲ့ဒီထိန်းသိမ်းရေးစခန်းက မြန်မာနိုင်ငံသားတွေကို အခုလို ပြန်လည်ပို့ဆောင်နိုင်တာ ပထမဆုံး အကြိမ်ဖြစ်ပါတယ်။

အဲ့ဒီမြန်မာနိုင်ငံသားတွေဟာ မလေးရှားနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်ရင်း မလေးရှားနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေတွေနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။