မြန်မာအလုပ်သမား အစားထိုးနိုင်ဟု မလေးရှား ဝန်ကြီး ပြောကြား

မလေးရှား ပြည်သူ့အင်အားဝန်ကြီး Detuk Seri Richard ဒါတွတ် ဆရီ ရစ်ချပ် က မြန်မာအစိုးရ အနေနဲ့ သူတို့အလုပ်သမားတွေကို ပြန်ခေါ်မယ်ဆိုရင်လည်း မလေးရှားနိုင်ငံရဲ့ အကျိုးစီးပွားကို တစ်စုံတရာထိခိုက်မှာ မဟုတ်ပါဘူးလို့ မနေ့က ပြောကြားလိုက်ပါတယ်။

မလေးရှားနိုင်ငံကို မြန်မာအလုပ်သမားတွေ ထပ်မံစေလွှတ်ခြင်း မပြုတော့ဘူးလို့ မြန်မာအစိုးရထံက တရားဝင်အကြောင်းကြားစာ မရရှိသေးကြောင်း၊ သူတို့နိုင်ငံမှာ အခု မြန်မာအလုပ်သမား ၁ သိန်းခန့်ရှိပြီး အဓိကအားဖြင့် ကုန်ထုတ်ကဏ္ဍမှာ လုပ်ကိုင်နေကြတာဖြစ်ကြောင်းနဲ့ မြန်မာအလုပ်သမားတွေ မလာလည်း မလေးရှားကို တခြားနိုင်ငံတွေက လာရောက်လုပ်ကိုင်လိုတဲ့ အလုပ်သမား မြောက်များစွာရှိပါကြောင်း မလေးရှား ပြည်သူ့အင်အားဝန်ကြီးက ပြောပါတယ်။

မြန်မာပြည်က မလေးရှားကို အလုပ်သမားတွေ ထပ်မံစေလွတ်ခြင်း မပြုတော့တဲ့အပြင် ရှိပြီးသား အလုပ် သမားတွေကိုလည်း ပြန်လည်ခေါ်ယူနိုင်ဖွယ်ရှိတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ မလေးရှား ဝန်ကြီးက အခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။