လှေစီးဒုက္ခသည်ကိစ္စ မြန်မာကို သတိပေးဖို့ မလေးရှား ပြော

မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ်က မွတ်စလင်တွေအပေါ် ဖိနှိပ်မှုတွေရပ် ဆိုင်းဖို့ အရှေ့တောင်အာရှနိုင်ငံတွေ က ပြင်းပြင်းထန်ထန် သတိပေးပြောဆိုကြမှဖြစ်မယ်လို့ မလေးရှား ဒုတိယပြည်ထဲရေးဝန်ကြီးက မနေ့က ပြောလိုက် ပါတယ်။

မွတ်စလင်ဒုက္ခသည်တွေကို တင်ဆောင်လာတဲ့ လှေတစ်စင်းကို တွေ့ရစဉ်

မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ်က မွတ်စလင်တွေ အပေါ် ဖိနှိပ်မှုတွေရပ်ဆိုင်းဖို့ အရှေ့တောင်အာရှနိုင် ငံတွေက ပြင်းပြင်းထန်ထန် သတိပေးပြောဆိုကြမှဖြစ် မယ်လို့ မလေးရှား ဒုတိယပြည်ထဲရေးဝန်ကြီးက မနေ့က ပြောလိုက်ပါတယ်။

မြန်မာပြည်ကနေ တခြားနိုင်ငံတွေဆီ လှေတွေနဲ့ အလုံးအရင်းလိုက် ကူးဖြတ်နေကြသူ ရိုဟင်ဂျာ ခေါ် မွတ်စလင်တွေကြောင့် ဒေသတွင်းနိုင်ငံတွေအတွက် လက်ခံရခက်၊ မောင်းထုတ်ရခက်ဖြစ်အောင် လူသားချင်းစာနာရေးဆိုင်ရာ အကြပ်အတည်းနဲ့ ရင် ဆိုင်နေကြရရာမှာ၊ ဒီလိုဖြစ်အောင် ဖန်တီးပေး ရာရောက်နေတဲ့ အကြောင်းရင်းကတော့ မြန်မာနိုင် ငံတွင်းမှာ ရိုဟင်ဂျာတွေ ပင်လယ်ပြင်ဖြတ်ပြီး ထွက်ပြေးလောက်အောင် ဖိနှိပ်ခံနေကြရလို့ဖြစ်တယ်လို့ မလေးရှား ဒုတိယပြည်ထဲရေးဝန်ကြီး Wan Junaidi က ပြောဆိုလိုက်တာပါ။ ဒါကြောင့် ဒီလူတွေကို လူသား ဆန်ဆန်ဆက်ဆံဖို့ မြန်မာပြည်ကို အင်မတန်ပြင်းထန်လေးနက်တဲ့ သတင်းစကားပါးဖို့လိုနေပြီလို့လည်း ပြော ပါတယ်။

အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ကလည်း ဒီပြဿနာကို အာဆီယံအဖွဲ့အတွင်း ဆွေးနွေးသင့်ကြောင်း၊ အထူးသဖြင့် ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ မြန်မာနိုင်ငံတွေကြား ဆွေးနွေးအဖြေရှာသင့်ကြောင်း ပြောဆိုတယ်လို့ မလေးရှား Bernama သတင်းက ဖေါ်ပြပါတယ်။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့အပြင် ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို ရောက်ရှိလာတဲ့ လှေစီးဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး၊ ဆိုင်ရာနိုင်ငံတွေက မြန်မာအစိုးရထံ အကြောင်းကြားမေးမြန်းမှု တစုံတရာလည်းမရှိကြောင်း RFA ကို ပြောဆိုခဲ့ပါတယ်။

ဒီသီတင်းပတ်အတွင်း လှေစီးဒုက္ခသည် နှစ်ထောင်ဝန်းကျင်ကို အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတို့က ကယ်ဆယ်ထားခဲ့ရသလို၊ မလေးရှားရေပိုင်နက်အတွင်း နောက်ထပ်ရောက်ရှိလာတဲ့ လှေတွေကို ကမ်းကပ်မခံဘဲ ပြန်မောင်းထုတ်တာတွေလည်း ပေါ်ပေါက်နေပါတယ်။

ဒီအတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အထူးစိုးရိမ်ကြောင်း၊ အာဆီယံနိုင်ငံတွေအနေနဲ့ ဒုက္ခသည်တွေအပေါ် စာနာကူညီသင့်ကြောင်း တိုက်တွန်းပြောဆိုပါတယ်။ ပင်လယ်ပြင်မှာ သေဆုံးသူ သုံးရာကျော်ရှိမယ်လို့လည်း ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။ ခွဲခြားဆက်ဆံ ဖိနှိပ်ခံရတာနဲ့ အလုပ်အကိုင် ရှားပါးမှုတွေကြောင့် မလေးရှားနိုင်ငံဆီ ထွက်ပြေးလာကြတဲ့ လှေစီးဒုက္ခသည် အရေအတွက်ဟာ ဒီနှစ်ပထမ ၃ လအတွင်း ၂ သောင်းခွဲ နီးပါးရှိတဲ့အတွက် ၂၀၁၄ ခုနှစ် ပထမ ၃ လအတွင်း ထွက်ပြေးခဲ့ကြတဲ့ အရေအတွက် ထက် နှစ်ဆပိုများလာတယ်လို့လည်း ကုလသမဂ္ဂဒုက္ခသည်များ မဟာမင်းကြီးရုံးက ပြောဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org