မြစ်ကြီးနားမှာ အမျိုးသမီးတစ်ဦး ဓားဒဏ်ရာနဲ့ သေဆုံး

စစ်ဘေးဒုက္ခသည်စခန်းတွေမှာ စေတနာ့ဝန်ထမ်းအဖြစ် လုပ်ကိုင်ပေးနေတဲ့ မလိဆန်ပန်ဆိုတဲ့ အမျိုးသမီးတစ်ဦး ဟာ မနေ့က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ကြက်ပေါင်ခြံရပ်ကွက်မှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပါတယ်။

အသတ်ခံရတဲ့ အမျိုးသမီးဟာ နေအိမ်က ဈေးဆိုင်မှာ ဓါးဒဏ်ရာတွေနဲ့ သေဆုံးနေခဲ့တာဖြစ်ပြီး ဒီနေ့မနက် ရင်ခွဲစစ်ဆေးချက်အရ အဓမ္မပြုကျင့်ခံရတဲ့ လက္ခဏာမတွေ့ရဘူးလို့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးထွန်းဦး က ပြောပါတယ်။

"အသက် ၂၄ နှစ်ကျော်ကျော်အရွယ်လောက်ရှိပါ့မယ်။ သူကတော့ သူနာပြုသင်တန်းတော့ တက်ထားတယ်။ အစိုးရဝန်ထမ်းတော့ မလုပ်ပါဘူး။ အိမ်မှာတော့ ဈေးရောင်းပါတယ်။ Rape Case တော့ မဟုတ်ဘူးလို့ အကြမ်းဖျဉ်းသိရပါတယ်။ ကျန်တာတော့ ကျနော်တို့ ရဲလုပ်ငန်းတွေ ဆက်လုပ်နေပါတယ်။"

အသတ်ခံခဲ့ရတဲ့ အမျိုးသမီးဟာ ဒုက္ခသည်စခန်းတွေမှာ စေတနာ့ဝန်ထမ်း လုပ်ကိုင်ပေးတာတွေရှိတယ်လို့ မလိဆန်ပန်သေဆုံးမှုကို လိုက်ပါကူညီပေးနေတဲ့ ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက ဦးကောန် ဇော်ဂျတ် ကပြောပါတယ်။

"သူ့သူငယ်ချင်းတွေ ပြောပြချက်အရ သူက အဲ့သူနာပြုသင်တန်းပြီးတာပေါ့နော်။ ပြီးတာနဲ့ ကျနော်တို့ IDP တို့ စေတနာ့ဝန်ထမ်းသဘော လစ်လပ်တဲ့နေရာမှာ အလုပ်လုပ်တာပေါ့။ လူမှုရေးပြဿနာဘာမှ မရှိဘူး။ လိမ္မာရေးခြားရှိတဲ့ အမျိုးသမီးငယ်တစ်ယောက်ပါ။ ရင်ခွဲရုံမှာ ကျနော်တို့ စစ်ချက်အရ ဓါးဒဏ်ရာ စုစုပေါင်း ၁၉ ချက်နဲ့ သေဆုံးခဲ့ခြင်းဖြစ်ပါတယ်။ ရှေ့ဘက်ကို ၁၅ ချက် အနောက်ဘက်ကို ၄ ချက် စုစုပေါင်း ၁၉ ချက်ပေါ့။"

မလိဆန်ပန် သေဆုံးမှုအတွက် ပုဒ်မ ၃၀၂ လူသတ်မှုနဲ့ မြစ်ကြီးနားမြို့မရဲစခန်းမှာ အမှုဖွင့်အရေးယူထားပြီး သံသယရှိသူတွေကို ဖမ်းဆီးစစ်ဆေးမှုတွေ ဆောင်ရွက်နေတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။

မလိဆန်ပန်ဟာ ကြက်ပေါင်ခြံရပ်ကွက်မှာ အဒေါ်ဖြစ်သူမိသားစုနဲ့အတူနေထိုင်ပြီး နေအိမ်က ဈေးဆိုင် မှာ ဈေးရောင်းချတဲ့ အလုပ်ကို လုပ်ကိုင်နေတာဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၉ ရက်နေ့ နေ့လည် ၂ နာရီခွဲခန့်က ဈေးဆိုင်မှာ တစ်ဦးတည်းရှိနေချိန်မှာ အသတ်ခံခဲ့ ရတာ ဖြစ်တယ်လို့ ပြောကြပါတယ်။

ရဲတပ်ဖွဲ့ဘက်က မလိဆန်ပန်မှာ လူမှုရေးပြဿနာတွေ ရှိနိုင်မလားဆိုတဲ့ သံသယရှိနေပြီး ကချင်အဖွဲ့အစည်းတွေ ဘက်က ပြောကြားချက်အရ မလိဆန်ပန်မှာ လူမှုရေးပြဿနာမရှိနိုင်ဘူးလို့ ဆိုပါတယ်။

မလိဆန်ပန်သေဆုံးနေတာကို ဖေဖော်ဝါရီလ ၉ ရက်နေ့ ညနေ ၅ နာရီခန့်မှာ သူမနဲ့အတူနေထိုင်တဲ့ အကိုဝမ်း ကွဲတစ်ဦး အလုပ်ကနေ နေအိမ်ပြန်ရောက်လာချိန်မှာ သိရှိခဲ့တာကြောင့် ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ တာ ဖြစ်တယ်လို့ သိရပါတယ်။