ကချင်အမျိုးသမီး မလိဆန်ပန်ရဲ့ ဈာပန

ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ကြက်ပေါင်ခြံရပ်ကွက်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့က ဓါးဒဏ်ရာတွေ နဲ့ သေဆုံးခဲ့တဲ့ အသက်နှစ်ဆယ်ကျော်အရွယ် ကချင်အမျိုးသမီး မလိဆန်ပန်ရဲ့ ဈာပနကို ခရစ်ယာန် ဘာသာရေး ထုံးစံအတိုင်း ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။

မြစ်ကြီးနားမြို့ ယုဇနရပ်ကွက်က ဗေသလ နှစ်ခြင်းအသင်းတော် ဘုရားရှိခိုးကျောင်းမှာ ဝတ်ပြုဆုတောင်း ပြီး ဂျော်ဘွမ်တောင်ခရစ်ယာန်သုဿာန်ကို ပို့ဆောင်သဂြိုဟ်ခဲ့တာဖြစ်ပါတယ်။

ဓါးဒဏ်ရာ ၁၉ ချက်နဲ့ သေဆုံးခဲ့ရတဲ့ မလိဆန်ပန်ရဲ့အမှု တာဝန်ယူစစ်ဆေးနေတဲ့ မြစ်ကြီးနား နယ်မြေရဲစခန်းမှူး ဒုတိယရဲမှူး သန်းဦးက အမှုရဲ့ နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်ပြီး အခုလိုပြောပါတယ်။

"သေဆုံးခြင်းနဲ့ ပတ်သက်ပြီးတော့ အဓ္ဓမပြုကျင့်ခဲ့တဲ့အမှုမဟုတ်ဘဲ၊ လူသတ်မှုရိုးရိုးသာဖြစ်ပါတယ်၊ ဒဏ်ရာတွေကိုကြည့်တဲ့အခါမှာ တစ်ဦးတစ်ယောက်ထဲက သုံးခဲ့တဲ့လက်နက်တစ်ခုတည်းနဲ့ ပြုလုပ် ခဲ့တာဖြစ်ပါတယ်၊ သေဆုံးနေတဲ့အမျိုးသမီးက အရပ် ၅ ပေ ၂ လက်မရှိပါတယ်၊ သူ့ကိုထိုးတဲ့သူက အရပ် ၅ ပေ ၄၊ ၅ ပေ ခွဲလောက်လောက်ရှိတဲ့သူလို့ အကြမ်းမျဉ်း သုံးသပ်ပါတယ်"

မြစ်ကြီးနားမြို့ နယ်မြေရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားသလို အမှုကွင်းဆက်တွေကို လိုက်လံဖော်ထုတ်နေပြီး သက်သေခံပစ္စည်းတချို့ကိုလည်း သိမ်းဆည်းရမိထားတယ်လို့ သိရပါတယ်။

လူမှုကွန်ရက်စာမျက်နှာတွေမှာ ဖော်ပြနေတဲ့ စွပ်စွဲရေးသားမှုတချို့ဟာ မဟုတ်မှန်ကြောင်း နယ်မြေရဲစခန်းမှူး က ပြောပါတယ်။ သေဆုံးသူရဲ့ အုပ်ထိန်းသူ မိသားစုဝင်တွေက အမှုကို အမှန်တရားအတိုင်း ပေါ်ပေါက်စေ ချင်တယ်လို့ ပြောကြပါတယ်။

လူမျိုးနဲ့ ဘာသာပေါင်းစုံ အတူယှဉ်တွဲနေထိုင်ကြတဲ့ မြစ်ကြီးနားမြို့မှာ အကြောင်းအမျိုးမျိုးကို အခြေခံပြီး လုယက်မှု၊ ရိုက်နှက်သတ်ဖြတ်မှု စတဲ့ မှုခင်းပေါင်းစုံ မကြာခဏဖြစ်ပွားနေပါတယ်။

မြစ်ကြီးနားမြို့နယ် ရဲစခန်းရဲ့မှတ်တမ်းတွေအရ ၂၀၁၅ ခုနှစ်အတွင်း မြစ်ကြီးနားမြို့နယ်မှာ အမှုပေါင်း ၇၈၈ မှု ဖြစ်ပွားခဲ့ပြီး ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်နေ့အထိ အမှုပေါင်း ၈၅၂ မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။