ငလျင်အသေးစားလှုပ်ခတ်နိုင်


2018.03.08
mar8-earthquake-622.jpg နေပြည်တော် ဥတ္တရသီရိမြို့နယ်မှာ ၂ဝ၁၈ ခုနှစ် မတ်လ ၈ ရက်နေ့က ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အောက်ပိုင်းပြိုကျနေတဲ့ စေတီတော်တစ်ဆူကို တွေ့ရစဉ်
Photo: MOI Webportal Myanmar

နေပြည်တော်နဲ့ အနီးတဝိုက်ကို ဗဟိုပြုပြီး ဒီနေ့မနက်အစောပိုင်းက အင်အား ၅.၅ အဆင့်ရှိ လှုပ်ခတ်ခဲ့ပြီး နောက်ဆက်တွဲ အင်အားသေး ငလျင်တွေ လှုပ်ခတ်နိုင်သေးတယ်လို့ မြန်မာနိုင်ငံ မြေငလျင်ကော်မတီက သတိပေးထားပါတယ်။

ငလျင်တွေ လှုပ်ခတ်ပြီးရင် အင်အားသေးငလျင်တွေ လှုပ်ခတ်တတ်တာကြောင့် သတိပြုနေထိုင်ကြဖို့ မြန်မာနိုင်ငံ မြေငလျင်ကော်မတီ ဒုတိယဥက္ကဌ ဒေါက်တာမျိုးသန့်က ပြောပါတယ်။

"အခု ၅.၅ ငလျင်လှုပ်တယ်ဆိုတဲ့အခါကြတော့ ဒီအပိုင်းကနေ နောက်ဆက်တွဲ ငလျင်လေးတွေတော့ လာဦးမှာပေါ့လေ၊ ၅.၅ ထက် အင်အားနည်းတဲ့ လျော့တဲ့ ငလျင်လေးတွေ ဥပမာ ၃ ပတ်ချာလည်လောက် ကတော့ လာနေဦးမှာပဲ၊ ဆိုတော့  ငလျင်ကြောင့် လူတွေသေတာမဟုတ်ဘဲ အဆောက်အဦးတွေကြောင့် လူတွေသေတာဆိုတော့ ရှိပြီးသားအဆောက်အဦးတွေကို ငလျင်ခံနိုင်ရည် ရှိ မရှိ ဆန်းစစ်ဖို့ တိုက်တွန်းလိုတယ်"

ဒီနေ့ မနက် ၃နာရီကျော်က နေပြည်တော်ငလျင်စခန်းရဲ့ အနောက်မြောက်ဘက် ၁၂ မိုင်အကွာ မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ၅.၅ အဆင့်ရှိတဲ့ငလျင် လှုပ်ခတ်ခဲ့ပါတယ်။

ငလျင်လှုပ်ခတ်မူကို နေပြည်တော်မှာ နေထိုင်သူတွေ သိသိသာသာခံစားခဲ့ရပြီး ငလျင်လှုပ်ခတ်မှုကြောင့် နေပြည်တော် ဥတ္တရသီရိမြို့နယ်မှာ စေတီတစ်ဆူ အောက်ပိုင်းပြိုကျတာ၊ စိန်ဖူးတော်မြေခတာ၊ ကျေးလက်ဆေးပေးခန်း ပြိုကျခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။