လက်ထပ်နိုင်တဲ့ အသက်အရွယ်ဆိုင်ရာပြဌာန်းချက်ကို ပယ်ဖျက်ဖို့ ကိုယ်စားလှယ် ဆွေးနွေး
2019.01.28
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ တင်တင်ဝင်း ၂၀၁၉၊ ဇန်နဝါရီ ၂၈ ရက်နေ့ ကျင်းပတဲ့ အမျိုးသားလွှတ်တော်မှာ ဆွေးနွေးစဉ်
ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးကာကွယ်ရေးဥပဒေကြမ်းမှာ လက်ထပ်နိုင်တဲ့ အသက်အရွယ်ဆိုင်ရာ ပြဌာန်းချက်ကို ပယ်ဖျက်ဖို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ တင်တင်ဝင်းက ဒီနေ့ လွှတ်တော်မှာ ဆွေးနွေးခဲ့ပါတယ်။
ပြည်သူ့လွှတ်တော်က ပေးပို့ထားတဲ့ အဲဒီဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှာ ကိုယ်စားလှယ် ၇ ဦးက ဆွေးနွေးရာ အမျိုးသမီးနဲ့ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးကော်မတီ ဥက္ကဋ္ဌ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ တင်တင်ဝင်း က ထည့်သွင်းဆွေးနွေးခဲ့တာပါ။
ဒီဥပဒေကြမ်းဟာ ကလေးသူငယ်တွေကို ကာကွယ်ပေးဖို့သာဖြစ်ကြောင်း၊ လက်ထပ်ထိမ်းမြားခြင်းဥပဒေတွေ သီးခြားရှိတဲ့အတွက် အဲဒီအချက်ကို မလိုအပ်ကြောင်း ဒေါက်တာ တင်တင်ဝင်း က ပြောခဲ့ပါတယ်။
ကလေးသူငယ်တွေအတွက် ရှင်သန်ခွင့်၊ ဖွံ့ဖြိုးခွင့်၊ ကာကွယ်ပေးခွင့်နဲ့ ပါဝင်ပတ်သက်ခွင့်စတဲ့ အခွင့်အရေးတွေသာ အဓိက ကျတယ်လို့လည်း ထောက်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၂၈ ရက်နေ့မှာ ပြည်သူ့လွှတ်တော်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကာကွယ်ရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းမှာ အသက် ၁၈ နှစ် မပြည့်လည်း ဓလေ့ထုံးစံအရ လက်ထပ်ခွင့်ပြုသင့်တယ်လို့ အတည်ပြုထားတာပါ။
အဲဒီလိုခွင့်ပြုတာနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ၊ စိုးရိမ်မှုတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် လက်ထပ်ထိမ်းမြားတဲ့စာချုပ် ချုပ်ဆိုနိုင်တဲ့ အသက်အရွယ်ကို အသက် ၁၈ နှစ်ပြည့်ပြီးမှသာ ခွင့်ပြုရမယ်လို့ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက အဆိုပြုထားပါတယ်။
ဒေါက်တာ တင်တင်ဝင်းကတော့ အဲဒီဥပဒေကြမ်းမှာ ဓလေ့ထုံးစံအရ လက်ထပ်တာ၊ အသက် ၁၈ နှစ်ပြည့်မှ ထိမ်းမြားစာချုပ် ချုပ်ဆိုနိုင်တာ စတဲ့ပြဌာန်းချက်တွေဟာ ရှုပ်ထွေးတာကြောင့် ပယ်ဖျက်သင့်တယ်လို့ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။









