အာဇာနည်နေ့အခမ်းအနားတွေ အမြို့မြို့မှာကျင်းပ

ဒီကနေ့ ရန်ကုန်မြို့မှာ အာဇာနည်နေ့ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ကျင့်သုံးခဲ့ဖူးတဲ့ အစဉ်အလာအတိုင်း မနက် ၁၀ နာရီ ၃၇ မိနစ်မှာ ဥသြဆွဲတာတွေ၊ တမိနစ်ခန့် ငြိမ်သက် အလေးပြုတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

2011.07.19

ဒီနှစ် အာဇာနည်နေ့မှာ စက်ရုံ အလုပ်ရုံတွေက ဥသြဆွဲသံတွေ ပြန်ကြားရတဲ့ အတွက် ထူးခြားမှု ရှိတယ်လို့ စာရေးဆရာ သတင်းစာဆရာ မောင်ဝံသ ပြောပါတယ်။

“ဒီကနေ့ကတော့ အာဇာနည်ကြီးများ ကျဆုံးတဲ့၊ လုပ်ကြံခံရတဲ့ အချိန် မနက် ၁၀ နာရီ ၃၇ မိနစ်မှာ စက်ရုံ အလုပ်ရုံတွေ ဥသြတွေဆွဲတယ်။ ဝမ်းနည်းခြင်း အထိမ်းအမှတ် ဥသြဆွဲပြီးတော့ အလေးပြုဖို့၊ ဂုဏ်ပြုဖို့ ဆောင်ရွက်တာ တွေ့ရတယ်။ နောက်တခုက ဒီကနေ့ အာဇာနည် ဗိမာန်မှာ သွားပြီးတော့ လွမ်းသူ ပန်းခွေချတယ်။ အာဇာနည် မိသားစုတွေ လွမ်းသူ့ ပန်းခွေချတဲ့အထဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ပြီးတော့ လွမ်းသ့ူ ပန်းခွေချတယ်။ ဦးအောင်ဆန်းဦး တို့လည်း ပန်းခွေချပါတယ်။ အဲဒါကို ညနေခင်းမှာ MRTV4 ပေါ့၊ မြန်မာ့ ရုပ်မြင်သံကြားက ထုတ်လွှင့်ပြီး ပြတာကို ကျနော်တို့ ကိုယ်တိုင် တွေ့ကြရ၊ ကြည့်ကြရပါတယ်။ ဒါလေးတွေက ထူးခြားတယ်လို့ ပြောနိုင်တာပေါ့လေ”

ရန်ကုန်မြို့ ရွှေဂုံတိုင် အန်အယ်ဒီ ရုံးချုပ်ကနေ အာဇာနည် ဗိမာန်ကို လမ်းလျှောက် ချီတက်ရာမှာ လူအင်အား ၃၀၀၀ လောက် ပါဝင်ခဲ့တယ်လို့ အေပီသတင်း တရပ်မှာ ဖော်ပြထားပါတယ်။

အလားတူ အာဇာနည်နေ့ အခမ်းအနားတွေကို နယ်မြို့တွေမှာလည်း ကျင်းပခဲ့ကြပါတယ်။

ရှမ်းပြည်နယ်

ရှမ်းပြည်နယ်က မြို့ (၃) မြို့ဖြစ်တဲ့ နမ့်ဆမ်။ ညောင်ရွှေ၊ တောင်ကြီးမြို့တွေမှာ ဆွမ်းကပ် အလှူဒါနပြုခဲ့တယ်လို့ ရှမ်းပြည်နယ် အန်အယ်လ်ဒီ ဗဟိုဦးစီး အဖွဲ့ဝင် ဒေါ်ခင်မိုးမိုးက ပြောပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ် အန်အယ်လ်ဒီ အဖွဲ့ အနေနဲ့ တောင်းဆိုချက် ၅ ချက်ပါဝင်တဲ့ အိတ်ဖွင့်ပေးစာ တစောင်ကို ရှမ်းတိုင်းရင်းသား ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းကို ပေးပို့ခဲ့တယ်လို့ ဒေါ်ခင်မိုးမိုးက ပြောပါတယ်။

“အိတ်ဖွင့်ပေးစာမှာ ကျမတို့က အချက် (၅) ချက်ပါတယ်။ နံပါတ် (၁) ကတော့ ကချင်ပြည်နယ် အတွင်းမှာ ဖြစ်ပွားနေတဲ့ ကချင်တိုင်းရင်းသားတွေကို တပ်မတော်က စစ်ရေးနဲ့ ထိုးနက် တိုက်ခိုက် နှိမ်နင်းနေတာကို အမြန်ဆုံး ရပ်ဆိုင်းဖို့။ နံပါတ် (၂) ကတော့ ရှမ်းပြည်နယ် အတွင်းမှာ ရှိတဲ့၊ ရှမ်း၊ ပအို့ တိုင်းရင်းသား အယူအဆ မတူသူများအပေါ်မှာ တပ်မတော်က လေယာဉ်နဲ့ ထိုးစစ်ဆင် ဗုံးကြဲနေခြင်းဟာ ပြည်တွင်းမှာ မလုပ်အပ်တဲ့ ကိစ္စဖြစ်လို့ အမြန်ဆုံး ရပ်စဲပေးဖို့။ နောက် နံပါတ် (၃) အချက်က တိုင်းရင်းသားဒေသ ပြည်နယ် အသီးသီးမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်မီး ငြိမ်းအေးစေဖို့နဲ့ တိုင်းရင်းသား စစ်ဘေး ဒုက္ခသည်များကို ကယ်တင်နိုင်ဖို့ အတွက် တွေ့ဆုံ ဆွေးနွေးခြင်းဖြင့် ပြည်တွင်း ငြိမ်းချမ်းရေးကို ဆောင်ရွက်ပေးဖို့”

ဒါ့ပြင် ကချင်ပြည်နယ်က မြစ်ဆုံရေကာတာ စီမံကိန်းတွေကို ရပ်တန့်ပေးဖို့နဲ့ ဦးခွန်ထွန်းဦးနဲ့ တကွ နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးဖို့ကိုလည်း အိတ်ဖွင့်ပေးစာထဲမှာ တောင်းဆိုထားတယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်

ကချင်ပြည်နယ် မြစ်ကြီနား အင်န်အယ်လ်ဒီ အဖွဲ့ဝင်တွေက ရှမ်းစုတောင်ရပ်ကွက်ရှိ မြို့နယ်ရုံး ဖွင့်ထားတဲ့ နေရာမှာ ဇူလိုင်လ ၁၉ ရက်နေ့က အာဇာနည်နေ့ အခမ်းနား ကျင်းပခဲ့ရာမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်ပြီး နိုင်ငံရဲ့လွတ်လပ်ရေးကို ဘယ်လို ကြိုးပမ်းပြီးမှ ယူဆောင်ခဲ့တယ် ဆိုတဲ့အကြောင်း အဲဒါနဲ့ပတ်သက်ပြီးမှ စည်းစည်းရုံးရုံးနဲ့ နေဖို့ စသဖြင့် ဟောပြောခဲ့ကြောင်း သိရပါတယ်။

မြစ်ကြီးနားမြို့နယ် အနေနဲ့ မြို့နယ်ရုံးမှာပဲ မနက် ၇နာရီခွဲကနေစပြီးမှ အခမ်းအနား ကျင်းပခဲ့ပြီး အာဇာနည်တွေ အတွက် ဆွမ်း သင်္ကန်း ကပ်လှူခဲ့ပါတယ်။

မန္တလေးတိုင်း

မန္တလေးမြို့ပေါ်နဲ့ တိုင်းအတွင်းက မြို့နယ်တွေမှာ အာဇာနည်နေ့ အခမ်းအနား ကျင်းပတဲ့ အကြောင်းကိုလဲ မန္တလေး အင်န်အယ်လ်ဒီ တိုင်းစည်းရုံးရေး တာဝန်ခံ ဦးမျိုးနိုင် က ပြောပြတာကတော့-

“ဆရာတော် ဦးဇောတိကနဲ့သံဃာ ၅ ပါးကိုပင့်ပြီးတော့ ဆွမ်းကပ် အမျှအတန်း ပေးဝေတယ်။ ၁၁ နာရီမှာ ဆရာဦးကိုလေး (အင်းဝဂုဏ်ရည်)ကနေပြီးတော့ အာဇာနည်နေ့နဲ့ ပတ်သက်ပြီးတော့ ဟောပြောပွဲလုပ်တယ်။ မတ္တရာ၊ မြင်းခြံတို့မှာလဲ သံဃာတွေကို ဆွမ်းကပ်တယ်။ မိထ္ထီလာခရိုင်အတွင်းမှာရှိတဲ့ ဝမ်းတွင်းက သဲစုရွာမှာ ဒေါက်တာဇော်မြင့်မောင်၊ ကိုဇော်ဇော်အောင်နဲ့ ဒေါက်တာသိန်းလွင်တို့က ဟောပြောပြီး အဲဒီမှာ အကြီးအကျယ်လုပ်တယ်”

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့မှာလည်း အန်အယ်လ်ဒီ အဖွဲ့ဝင်တွေက ဘုန်းတော်ကြီးကျောင်း ၄ ကျောင်းမှာ ဆွမ်းကပ်လှူခဲ့တယ်လို့ မြို့နယ် အန်အယ်လ်ဒီ စည်းရုံရေးအဖွဲ့ဝင် ဦးအေးခိုင်က ပြောပါတယ်။

မကွေးတိုင်း

ရေနံချောင်းမြို့မှာ ကျင်းပတဲ့ အာဇာနည်နေ့ အခမ်းအနားနဲ့ ပတ်သက်လို့ မကွေးတိုင်း အင်န်အယ်လ်ဒီ အမျိုးသမီးတာဝန်ခံ ဒေါ်ခင်စောဌေးကလည်း အခုလိုပြောပြပါတယ်။

“ရေနံချောင်းမြို့နယ်က ချောက်တို့ မင်းဘူး၊ ပွင့်ဖြူ အဲဒါတွေ ဖိတ်ကြားပြီးတော့ မကွေးတိုင်း ကိုယ်စားပြုကျင်းပပါတယ်။ တိုင်းပြည်တွင်းမှာ ပြည်တွင်း ငြိမ်းချမ်းရေးရဖို့ ဆုံးဖြတ်ချက်တွေ ချပြီးတော့ တောင်းဆိုပါတယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေးကိုလည်း တောင်းဆိုပါတယ်။ ဒီနေ့ဖြစ်နေတဲ့ စစ်ပွဲတွေကို ဦးသိန်းစိန် အစိုးရကနေပြီးတော့ ရပ်စဲဖို့ကိုလည်း တောင်းဆိုပါတယ်။ တိုင်းပြည်မှာ မြန်မာစစ်ဗိုလ် စစ်သားတွေလည်း ကိုယ့်ပြည်သူ လူထုပါပဲ။ ကချင်တွေ ကရင်တွေလည်း ကိုယ့်ပြည်သူလူထုပါပဲ။ အားလုံးဟာ နစ်နာဆုံးရှုံးရပါတယ်”

“နောက်ဒီနေ ထူးခြားတာက ရေနံချောင်းမြို့မှာက တီရှပ် ကမ်ပိန်း လုပ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်စုပုံလေး ထားပြီးတော့ မမှန်တာကို မှန်တယ် မတရားတာကို တရားတယ် လို့ မပြောပါနဲ့ဆိုပြီးတော့ အောက်က ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ အဲဒီ အဆိုအမိန့်နဲ့ တီရှပ်ကမ်ပိန်း လုပ်ပါတယ်”

အဖွဲ့ချုပ်ဝင်တွေက အဲဒီတီရှပ်တွေ ဝတ်ပြီးတော့ ဒေါ်ခင်စောဌေး အိမ်ကနေ ဈေးအထိ စီတန်း လမ်းလျှောက် ကြတယ်လို့လည်း ဒေါ်ခင်စောဌေးက ပြောပါတယ်။ မကွေးတိုင်း စကုမြို့မှာလည်း အာဇာနည်နေ့အခမ်းအနား ကျင်းပတယ်လို့သိရပါတယ်။

တနင်္သာရီတိုင်း

ကော့သောင်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ် မြို့နယ်စည်းအဖွဲ့ဝင်တွေက ဦးဆောင်ပြီး ကော့သောင်းမြို့လယ်မှာ ရှိတဲ့ ဗိုလ်ချူပ်ကျောက်ရုပ်မှာ လွမ်းသူ့ပန်းခွေချခဲ့ကြသလို မြရည်ပုလဲ လမ်းမှာရှိတဲ့ အဲန်အယ်လ်ဒီ အဖွဲ့ချူပ်ရုံးမှာလည်း အခမ်းအနား လုပ်ခဲ့ကြပါတယ်။

ဗိုလ်ချူပ်ကျောက်ရုပ်မှာ အဲန်အယ်လ်ဒီ အဖွဲ့ဝင် လူငယ်တွေနဲ့ စိတ်ပါဝင်စားသူ ၁၀၀ နီးပါးတို့က ဒီနေ့မနက် လွမ်းသူပန်းခွေ သွားချခဲ့ရာမှာ မြို့နယ်စည်ပင် အရာရှိတဦးက ချက်ချင်းလာရောက် ဖယ်ရှားသွားခဲ့ပြီး လူငယ်တချို့နဲ့ ရုန်းရင်း ဆန်ခတ် ဖြစ်ခဲ့ကြတယ်လို့ အဲန်အယ်လ်ဒီ မြို့နယ်စည်း အဖွဲ့ဝင် ကိုမြင့်မောင် က ပြောပါတယ်။

“လွမ်းသူ့ပန်းခွေကို ၇ နာရီ ၁၅ မီနစ်မှာ ဒီ ဗိုလ်ချူပ်ကြေးရုပ်မှာ ချပြီးတာနဲ့ ပြန်လာပြီးတဲ့ အချိန်မှာ ကျနော်တို့က အဲဒီ လွမ်းသူ့ပန်းခွေမှာ ဗိုလ်ချူပ်အပါအဝင် အာဇာနည် ကိုးဦးရဲ့ ဓါတ်ပုံ ပုံကြီးပေါ့နော် ကပ်ထားတယ်။ အဲ့ဒါကို စည်ပင်ကနေ ပန်းခွေကို ယူပြီးတော့ အဲ့ အာဇာနည်းကိုးဦးပါတဲ့ ပုံကိုပါ ဒီ အမှိုက်တွေ တင်ထားတဲ့ စည်ပင်ကားပေါ်ကို အကုန်းလုံး ဆွဲပြီးတော့ ပြစ်တင်လိုက်တယ်ခင်ဗျ။ အဲဒီမှာ ရုန်းရင်းဆန်ခတ် ဖြစ်ကုန်တာပေါ့နော်။ လူငယ်တွေလည်း ရှိနေတာ အဲဒီမှာ ရိုက်မယ်ပြုမယ် လုပ်ရင်းနဲ့ ထွက်ပြေးသွားတယ်။ ကျနော်တို့ကလည်း သွားပြီးတော့ ဟန့်တား လိုက်တယ်။ ရုန်းရင်းဆန်ခတ် ဖြစ်မှာဆိုးလို့လေ”

အလာတူ မြိတ်မြို့နယ်မှာလည်း သံဃာတော်တွေကို သက်ဆိုင်ရာ အာဏာပိုင်တွေက တားမြစ်ထားတဲ့ အတွက် အာဇာနည် ခေါင်းဆောင်ကြီးတွေကို ရည်စူးပြီး ဆွမ်းကပ်အမျှဝေဖို့ မလုပ်နိုင်ဘဲ ဘိတ်မြို့မြောက်ဖက် ရေပုံးရပ်ကွက်က အဲန်အယ်လ်ဒီ စည်းအဖွဲ့ဝင် ဘဏ္ဍာရေးမှူး ဦးဝင်းကြည် နေအိမ်မှာပဲ အခမ်းအနား ကျင်းပခဲ့ရတယ်လို့ ဦးဝင်းကြည်က ပြောပါတယ်။

ပဲခူးတိုင်း

တောင်ငူခရိုင်အတွင်းက ဖြူးမြို့နယ်နဲ့ ရေနီမြို့နယ်တွေမှာ အာဇာနည်နေ့ အခမ်းအနားတွေ တပြိုင်တည်း ကျင်းပခဲ့ကြပါတယ်။

ဘိုကလေးမြို့နယ်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် ဥက္ကဌ ဦးအောင်ခင်ဘို ရဲ့နေအိမ်မှာလည်း အာဇာနည်နေ့ အခမ်းအနားကို ကျင်းပခဲ့ပါတယ်။

လပွတ္တာမြို့နယ် သင်္ကန်းကုန်းကျေးရွာမှာလည်း အာဇာနည်နေ့ အခမ်းအနား ကျင်းပခဲ့သလို ရန်ကုန်တောင်ပိုင်းခရိုင် တွံတေးမြို့နယ်မှာလည်း ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူတွေနဲ့ အဲန်အယ်လ်ဒီ စည်းအဖွဲ့ဝင်တွေ စုပေါင်းပြီး ကျဆုံးသွားတဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေ အတွက ်ရည်စူးပြီး ရတနာဇေရုံ ဘုန်းတော်ကြီးကျောင်းမှာ ဒီကနေ့ မနက် ၅ နာရီခွဲက အာရုံဆွမ်းကပ်ခဲ့သလို ဝမ်းနည်းခြင်း အထိမ်းးအမှတ်နဲ့ မြိုနယ်ရုံးရှိ အဲန်အယ်လ်ဒီ အလံကို ထက်ဝက်ချ ခဲ့ရာမှာ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ရဲသတင်း တပ်ဖွဲ့ဝင်တွေက ဓာတ်ပုံရိုက်ခဲ့ ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။