အကြမ်းဖက်တိုက်ခိုက်မှုမှာ ပါဝင်ခဲ့သူတစ်ဦးကို သေဒဏ် ချမှတ်
2017.02.13
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ လုံခြုံရေးကို ဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးကို တွေ့ရစဉ်
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကိုးတန်ကောက် နယ်ခြားစောင့်ရဲစခန်းကို အကြမ်းဖက်စီးနင်း တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ အသက် ၂၃ နှစ်အရွယ် မာမတ်နူရ် (ခေါ်)အူလာ ကို စစ်တွေခရိုင်တရားရုံးက ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ-၃၀၂(၁)(ဂ)နဲ့ သေဒဏ်ချမှတ်လိုက်ပါတယ်။
သေဒဏ်ချမှတ်ခံရတဲ့ မာမတ်နူရ် (ခေါ်) အူလာဟာ မောင်တောမြို့နယ် ကျောက်ပြင်ဆိပ်ရွာကဖြစ်ပြီး ပြီးခဲ့တဲ့ သောကြာနေ့က တရားရုံးက သေဒဏ်ချမှတ်ခဲ့တာလို့ ရဲအရာရှိတွေက ဒီနေ့ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၉ ရက်နေ့က မောင်တောဒေသ နယ်ခြားစောင့်ရဲကင်းတွေတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့က စစ်တွေခရိုင်တရားရုံးမှာ တရားစွဲဆိုထားသူ ၁၄ ဦးရှိပြီး အဲဒီအထဲက တစ်ဦးကို သေဒဏ်ချမှတ်လိုက်တာလည်းဖြစ်တယ်လို့သိရပါတယ်။
မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးထားတဲ့ နောက်ထပ် တရားခံအများစု ကိုတော့ ဘူးသီးတောင်နဲ့ မောင်တောမြို့တွေမှာ အထူးတရားခွင်တွေဖွင့်လှစ်ပြီး စစ်ဆေးဆောင်ရွက်နေတယ် လို့ ရှေ့နေတွေက ပြောပါတယ်။









