မောင်တောမှာ မူးယစ်ဆေးပြားတွေ အများအပြား ဖမ်းဆီးမိ


2016-09-01
Share
maungtaw-city-620.jpg ရခိုင်ပြည်နယ် နယ်စပ်မြို့တော် မောင်တောမြို့အဝင်ဆိုင်းဘုတ်ကို တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ကာလတန်ဖိုး ကျပ်သိန်းပေါင်း တစ်သောင်းလေးထောင်ကျော် တန်ဖိုးရှိ WY အမျိုးအစား မူးယစ်ဆေးဝါး ခုနှစ်သိန်းကျော်ကို မနေ့ကနဲ့ ဒီနေ့မှာ နှစ်ရက်ဆက်တိုက် ဖမ်းဆီးရမိခဲ့ပါတယ်။

မနေ့ညက ဖမ်းဆီးမိသူထံကနေ သတင်းဆက်စပ်မှုအရ ဒီနေ့ လသာရွာက နေအိမ်တစ်ခုမှာ မူးယစ်ဆေးတွေ ထပ်မံဖမ်းမိခဲ့တာလို့ မောင်တောခရိုင် ရဲတပ်ဖွဲ့မှူး ဉာဏ်ဝင်းဦးက ပြောပါတယ်။

"ဆက်စပ်မှုရှိတာပေါ့၊ မနေ့က တရားခံကနေ ဒီနေ့ဖမ်းတဲ့ လသာရွာဘက်ကို ပို့မယ်လို့ကွင်းဆက်ရလို့ အိမ်ကိုမသကာၤလို့ ဝင်ရောက်စစ်ဆေးတဲ့အခါမှာ လူတော့ တစ်ယောက်မှမတွေ့ဘူး၊ ပူးပေါင်းအဖွဲ့ နဲ့ ကျေးရွာလူကြီးတွေနဲ့ ရှာဖွေပုံစံသိမ်းပြီး အမှုဖွင့်ထားပါတယ်"

မနေ့က မောင်တောမြို့ပေါ်မှာ သတင်းအရ ကားတွေကို ရှာဖွေစစ်ဆေးရာကနေ WY မူးယစ်ဆေး အလုံးပေါင်း သုံးသိန်းကျော်နဲ့ သယ်ဆောင်သူ ၂ ဦးကို ဖမ်းဆီးမိခဲ့ပြီး သတင်းဆက်စပ်မှုအရ ဒီနေ့မှာ လသာကျေးရွာ က နေအိမ်တစ်ခုကိုသွားရောက်စစ်ဆေးရာ WY မူးယစ်ဆေး လေးသိန်း ကျော်ကို ထပ်ပြီးဖမ်းဆီးရမိခဲ့တာဖြစ် ပါတယ်။

မနေ့က ဖမ်းဆီးထားသူနှစ်ဦးကို မောင်တောမြို့မရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး မူးယစ်ဆေးဝါး ပုဒ်မ တွေဖြစ်တဲ့ ၁၅၊ ၁၉ (က) ၊ ၂၁ ပုဒ်မတွေနဲ့ အမှုဖွင့်အရေးယူထားပါတယ်။

ဒီနေ့မူးယစ်ဆေးဝါးဖမ်းဆီးမိတဲ့ နေအိမ်ကို ဆက်လက်စုံစမ်း အရေးယူသွားမှာဖြစ်ကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၃ ရက်နေ့ကလည်း မောင်တောမြို့နယ်မှာ WY မူးယစ်ဆေးဝါး တစ်သိန်းခွဲကျော် ဖမ်းဆီးမိခဲ့ပါတယ်။

အစိုးရရဲ့ ရက် ၁ဝဝ စီမံချက်ကာလအတွင်း ပြီးခဲ့တဲ့ မေလနဲ့ ဇွန်လ ၂ လအတွင်းမှာ ရခိုင်ပြည်နယ် ဘူးသီးတောင် ၊ မောင်တောမြို့နယ်နဲ့ တခြားမြို့နယ်အချို့မှာ ဖမ်းဆီးရမိခဲ့တဲ့ WY စာတန်းပါ စိတ်ကြွမူးယစ်ဆေးပြား အရေ အတွက်ဟာ ၁၁ သိန်းကျော်အထိ ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့