မောင်တောခရိုင်က တရားမဝင် အဆောက်အဦးတွေ စိစစ် ဖို့ ကော်မတီဖွဲ့စည်း


2016-09-24
Share
rakhine-govt-press-620.JPG မောင်တောခရိုင်အတွင်းက တရားမဝင်အဆောက်အဦးတွေနဲ့ပတ်သက်ပြီး စိစစ်ဖို့အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ စက်တင်ဘာလ ၂၄ ရက်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းက တရားမဝင်အဆောက်အဦးတွေကို စိစစ်ဖို့အတွက် ပြည်နယ် အဆင့်အစိုးရ အရာရှိတွေ ပါဝင်တဲ့ စီမံခန့်ခွဲရေးကော်မတီ ဖွဲ့စည်းထားတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနဲ့နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း က ပြောပါတယ်။

မောင်တောခရိုင်အတွင်းက တရားမဝင်အဆောက်အဦးတွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ဒီနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ လုံခြုံရေးနဲ့နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်း က ပြောခဲ့တာဖြစ် ပါတယ်။

"ဖွဲ့စည်းထားတဲ့ ဒီကော်မတီတွေဟာ အချက်အလက်တွေဟာ အကြမ်းမျဉ်းဖြစ်တဲ့အတွက် အချက်အလက်တွေကို စိစစ်ဖို့လိုအပ်ပါတယ်၊  စီစစ်တဲ့အခါမှာလည်း သူ့ဧရိယာအလိုက် ပါဝင်ပတ်သက်တဲ့ဌာနများက တာဝန်ယူပြီးတော့ ဆောင်ရွက်ရမှာဖြစ်ပါတယ်၊ ဒီလိုစီစစ်ချက်များကို ကျနော်တို့ကော်မတီကို တင်ပြရမှာဖြစ်ပါတယ်"

တရားမဝင် အဆောက်အဦးတွေနဲ့ ပတ်သက်ပြီး မြို့နယ်၊ ခရိုင်အဆင့်ကော်မတီတွေရဲ့ တင်ပြချက်တွေ အပေါ်မှာ ပြည်နယ်အဆင့် ကော်မတီကတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်ရဲ့ ဆက်လက်ဆောင်ရွက်သွား မှာ ဖြစ်တယ်လို့လည်း ဗိုလ်မှူးကြီးထိန်လင်း က ပြောပါတယ်။

လက်ရှိစာရင်းတွေအရ မောင်တောခရိုင်အတွင်း ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားတဲ့ ဗလီ ၁၂ လုံး၊ အာရ်ဗီကျောင်း ၃၅ ကျောင်း၊ လူနေအိမ် ၂၅ဝဝ ကျော်၊ ဈေးဆိုင် ၆ဝဝ ကျော်နဲ့ အခြားအဆောက်အဦး ၁၇ဝ ကျော် ၊ စုစုပေါင်း တရားမဝင်အဆောက်အဦး ၃၃ဝဝ ကျော်ရှိပါတယ်။

အဲဒီအဆောက်အဦးတွေကို စိစစ်ပြီး တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အရေးယူဆောင်ရွက်သွား မှာ ဖြစ်တယ်လို့လည်း ဗိုလ်မှူးကြီးထိန်လင်း က ပြောပါတယ်။

မောင်တောခရိုင်အတွင်း ရပ်ကွက်ပေါင်း ၁၈ ခုနဲ့ ကျေးရွာပေါင်း ၉ဝဝ ကျော်မှာရှိတဲ့ အဆောက်အဦးတွေကို စိစစ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့