မောင်တောအရေး စုံစမ်း စစ်ဆေးရေးကော်မရှင် ကျေးရွာ ၁၀ ရွာက ဒေသခံတွေနဲ့ တွေ့ဆုံ

ဒုတိယသမ္မတ ဦးမြင့်ဆွေ ဥက္ကဌအဖြစ် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ ဟာ မောင်တောဒေသမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ကျေးရွာ ၁၀ ရွာက ဒေသခံရွာသားတွေ နဲ့ တွေ့ဆုံမေးမြန်းမှုတွေ ပြုလုပ်နေပါတယ်။ ဒေသခံအများစုက ကြောက်ရွံ့နေကြပြီး စစ်ဆစ်ရေးနယ်မြေအဖြစ် သတ်မှတ်ထားတဲ့အတွက် တိတ်ဆိတ်နေတာကို တွေ့မြင်ရတယ်လို့ ကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစောသလေးစော က ပြောပါတယ်။

''ပဋိပက္ခဖြစ်ပွားခဲ့တဲ့ဟာကတော့ သိပ်ပြောနေစရာတော့မရှိဘူး တိတ်ဆိတ်နေတယ်၊ စပါးခင်းတွေက မရိတ် ရသေးဘူး၊ လူလည်း ကြိုကြားကြိုကြားပဲတွေ့တယ်၊ ဒါပေမဲ့ အခု ပဋိပက္ခပဲခေါ်မလား တိုက်ခိုက်တဲ့နေရာပေါ့နော် ၊ တိုက်ခိုက်ခံထားရတဲ့နေရာနားတဝိုက်ကတော့ တိတ်ဆိတ်နေပါတယ်၊ အခုကတော့ သူတို့ကို မေးမြန်းတဲ့အခါ မှာ တစ်ဖြည်းဖြည်းနဲ့ ပြန်ပြီးတော့အခြေချလာပြီလို့ပြောတယ်၊ သို့သော် ဒီမနက်ပဲ ကျွန်တော်တို့ သွားခဲ့တဲ့ရွာ တစ်ရွာဆိုရင် သုံးပုံနှစ်ပုံလောက်တော့ပြန်လာပြီ တစ်ပုံကတော့ မလာနိုင်သေးဘူး၊ မလာနိုင်သေးဘူးဆိုတာက လည်း ကြောက်တယ်ပေါ့လေ''

ပဋိပက္ခဖြစ်ပွားရာမှာ ပါဝင်ခဲ့တဲ့တချို့ရွာတွေကိုတော့ တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က လုံခြုံရေးအရ ပြန်ပြီး အခြေချနေထိုင်ခွင့် မပေးသေးဘူး လို့ ပြောပါတယ်။

ကော်မရှင်အဖွဲ့ဝင်တွေဟာ ဒေသခံရခိုင်တိုင်းရင်းသားတွေနေတဲ့ရွာတွေနဲ့ အစ္စလာမ်ဘာသာဝင်တွေ နေတဲ့ ရွာတွေကို အဖွဲ့တွေခွဲကာ သွားရောက်ခဲ့ကြပြီး မနေ့က ကျီးကန်းပြင်၊ ကျိမ်ချောင်း၊ ငါးခူရ၊ ပွင့်ဖြူချောင်း၊ ပြောင်ပိုက်၊ ဝါးပိတ်ရွာတွေကို ရောက်ခဲ့ပြီး ဒီကနေ့မှာ ဂွဆုံ၊ သရက်အုပ်၊ ဒါးကြီးဇား၊ ဇင်ပိုင်ညာရွာတွေကို ရောက်ခဲ့တယ်လို့ ဦးစောသလေးစော က ပြောပါတယ်။

အခုလိုကွင်းဆင်းစစ်ဆေးပြီး တွေ့ရှိရတဲ့ အချက်အလက်တွေကို သုံးသပ်စုစည်းပြီး အကြံပြုချက်တွေအဖြစ် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာကို နိုင်ငံတော်သမ္မတဆီ လာမယ့် ဇန်နဝါရီလကုန်မှာ တင်ပြရမှာဖြစ်ပါတယ်။