ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရင်ဂါတီခရိုင် လောင်းကဒူးဒေသမှာ ဌာနေ သက် ခေါ် သက္ကမတိုင်းရင်းသားတွေ အကြမ်း ဖက်သတ်ဖြတ်ခံနေရတာကို ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ အကာအကွယ်ပေးဖို့နဲ့ ကုလသမဂ္ဂ မဟာမင်းကြီး ရုံး UNHCR အနေနဲ့ ကူညီဆောင်ရွက်ပေးဖို့ ဒီနေ့ မောင်တောမြို့နယ် UNHCR ရုံးရှေ့ မှာ ဒေသခံ ၅ဝဝ လောက် က ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
လူသားချင်း စာနာထောက်ထားတဲ့အနေနဲ့ ကူညီပေးဖို့ တောင်းဆိုတာဖြစ်တယ်လို့ ဆန္ဒပြပွဲဦးဆောင် သူ မောင်တော လူမှုကွန်ရက်အဖွဲ့ဝင် ဦးစိန်လှဖြူ က ပြောပါတယ်။
"ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ သက္ကမလူမျိုးတွေကို အစိုးရအနေနဲ့ အကာအကွယ်ပေးဖို့၊ INGO၊ NGO အဖွဲ့အစည်းတွေအနေနဲ့ လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ ကူညီပေးဖို့ တောင်းဆိုထားပါတယ်။"
ဒီနေ့ဆန္ဒပြပွဲမှာ စစ်တကောင်းတောင်တန်းဒေသ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိုအလိုရှိကြောင်း ဆန္ဒပြသူတွေ က ကြွေးကြော်တောင်းဆိုခဲ့ကြပါတယ်။ စစ်တကောင်းတောင်တန်းဒေသ ရင်ဂါတီခရိုင် လောင်းကဒူးဒေသ ကို ရွှေ့ပြောင်းအခြေချ နေထိုင်လာကြ သူတွေက ဌာနေ သက္ကမလူမျိုးတွေ နေထိုင်တဲ့ကျေးရွာတွေကို ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့က မီးရှို့ဖျက်ဆီးတာတွေ၊ ဈေးဆိုင်တွေကို လုယက်ဖျက်ဆီးတာတွေ၊ ရွာသူ၊ ရွာသားတွေကို တိုက်ခိုက်သတ်ဖြတ်တာတွေ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး ရခိုင်လူမှုအဖွဲ့အစည်း ၁၆ ဖွဲ့ကလည်း လူနည်းစုဌာနေတိုင်းရင်းသားတွေရဲ့ ဘဝ လုံခြုံရေးနဲ့ လူ့ဂုဏ်သိက္ခာနဲ့အညီ ရပ်တည်ရှင်သန် နေထိုင်နိုင်ရေးအတွက် တာဝန်ယူစောင့်ရှောက်ပေးဖို့ ကုလသမဂ္ဂနဲ့ စစ်တွေအခြေစိုက် ဘင်္ဂလားဒေ့ရ်ှ ကောင်စစ်ဝန်ရုံးတို့ထံ ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့က ကြေညာချက် ထုတ်ပြန် တောင်းဆိုထားပါတယ်။
သက် ခေါ် သက္ကမလူမျိုးတွေဟာ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင်တွေဖြစ်ပြီး ရခိုင်ပြည်နယ်အပြင် ဘင်္ဂလားဒေ့ ရ်ှနိုင်ငံ စစ်တကောင်းတောင်တန်းဒေသနဲ့ အိန္ဒိယနိုင်ငံတွေမှာ ရှေးရာစုနှစ်ပေါင်း များစွာကတည်းက ပျံ့နှံ့နေထိုင် ကြတာဖြစ်ပါတယ်။