ဝမ်းတွင်းမြို့နယ်မှာ ရေဘေးကြောင့် သေဆုံးသူ ငါးဦးရှိလာ

RFA Burmese
2024.09.18
ဝမ်းတွင်းမြို့နယ်မှာ ရေဘေးကြောင့် သေဆုံးသူ ငါးဦးရှိလာ မန္တလေးတိုင်းအတွင်း ရေကြီးရေလျှံဖြစ်နေမှုအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။
မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ ဓာတ်ပုံ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ငါးဦးအထိရှိလာပြီလို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေးလုပ် နေသူတွေက RFA ကို စက်တင်ဘာလ ၁၈ ရက် ဒီနေ့မှာ ပြောပါတယ်။

စက်တင်ဘာလ ၁၆ ရက်နဲ့ ၁၇ ရက်က ရိုးစုံရွာအနီးမှာ ရုပ်အလောင်းလေးခုနဲ့ ရိုးကန်ရွာအနီးမှာ အမျိုးသမီးရုပ်အလောင်းတစ်ခု တွေ့ခဲ့ရတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

သေဆုံးသူတွေထဲက သုံးဦးဟာ တစ်မိသားစုထဲက ဖြစ်ပြီး အသက်လေးနှစ်အရွယ် မိန်းကလေး တစ်ဦး၊ ခုနစ်နှစ်အရွယ် ယောက်ျားလေး တစ်ဦးနဲ့ သူတို့ရဲ့ဖခင်ဖြစ်သူတို့ သေဆုံးသွားတာပါ။

သေဆုံးသူတွေထဲမှာ အသက်ငါးနှစ်အရွယ် ကလေးတစ်ဦးရဲ့ ရုပ်အလောင်းလည်းရထားပြီး မိသားစုနဲ့ အဆက်အသွယ်မရသေးဘူးလို့ ကူညီကယ်ဆယ်ရေးလုပ်နေသူ တစ်ဦးက RFA ကို ပြောပါတယ်။

“ရေစီးတွေနဲ့ မျောပါသေဆုံးခဲ့တာပါ။ မနေ့က ရိုးစုံရွာအနီး ကန္တာရခြုံတွေကြားထဲမှာ ရုပ်အလောင်း နှစ်ခုထပ်တွေ့ပါတယ်။ အရင်ရက်ကတွေ့တဲ့ ငါးနှစ်အရွယ်ကလေး တစ်ဦးကတော့ ပိုင်ရှင်မပေါ်သေးဘူး။ ဒီနေ့လည်း ပျောက်ဆုံးနေသူတွေကို ရှာဖွေရေး ဆက်လုပ်နေပါတယ်”

ဝမ်းတွင်းမြို့နယ်မှာ ရေပြန်ကျသွားပေမဲ့ ပျောက်ဆုံးသူ တွေလည်းရှိနေတာကြောင့် ရှာဖွေရေးတွေ လုပ်နေကြတယ်လို့ ကူညီကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။

စက်တင်ဘာလ ၁၁ ရက်နေ့ကစလို့ ဝမ်းတွင်းမြို့နယ်မှာ ရေကြီးရေလျှံမှုတွေဖြစ်ပြီး ရိုးစုံ၊ ဆူးပန်း၊ ကျောက်အိုး စတဲ့ရွာတွေအပါအဝင် ရွာပေါင်း နှစ်ဆယ်ကျော်က ဒေသခံတွေ ရေဘေးဒုက္ခကြုံရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

မန္တလေးတိုင်းထဲက ရေဘေးကူညီကယ်ဆယ်ရေး အခြေအနေတွေနဲ့ပတ်သက်လို့ အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။ စစ်ကောင်စီကတော့ နိုင်ငံတစ်ဝန်းမှာ ရေဘေးကြောင့် ထိခိုက်ခဲ့သူတွေကို ကူညီကယ်ဆယ်ရေးတွေ လုပ်နေတယ်လို့ ပြောပါတယ်။

RFA က စက်တင်ဘာလ ၁၈ ရက်အထိ ရရှိထားတဲ့ စာရင်းအရ နိုင်ငံတစ်ဝန်း ရေကြီး၊ မြေပြိုမှုကြောင့် လူပေါင်း ၂၈၀ ဦးသေဆုံးပြီး နှစ်ရာထက်မနည်း ပျောက်ဆုံးနေဆဲဖြစ်သလို မြေပြင်မှာ ဒီအရေအတွက်ထက် များနိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။