မန္တလေးစည်ပင်ရွေးပွဲ တပ်မိသားစု မဲပေးခွင့်မရှိ

မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲတွေမှာ တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေကို မဲပေးခွင့်ပေးထားတဲ့ ပြဌာန်းချက်ကို မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီ ဥပဒေကြမ်းမှာ ပယ်ဖျက်ပြီး မန္တလေးတိုင်းလွှတ်တော်က ဒီနေ့ အတည်ပြုလိုက်ပါတယ်။

စည်ပင်ရွေးကောက်ပွဲတွေအတွက် တပ်တွင်းမဲဆန္ဒနယ်တွေထဲဝင်ပြီး မဲဆွယ်ရာမှာ ရှုပ်ထွေးမှုတွေဖြစ်လာနိုင် တာကြောင့် ပြင်ဆင်လိုက်တာဖြစ်တယ်လို့ မန္တလေးတိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးဝိုင်းချစ်အောင် က ေပြာပါတယ်။

"ရွေးကောက်တင်မြှောက်မှုတွေ လုပ်တော့မယ်ဆိုရင် တဘက်က တပ်စည်ပင်သာယာအဖွဲ့ကလည်း သဘောတူလက်ခံရဲ့လားဆိုပြီးတော့ ရှုပ်ထွေးမှုတွေ၊ ထိပ်တိုက်ရင်ဆိုင်မှုတွေ တွေ့လာနိုင်တယ်လေ၊ ဒါကြောင့် ကျနော်တို့အနေနဲ့ တပ်စည်ပင်သာယာရှိပြီးသား ဖြစ်တဲ့အတွက်ကြောင့် ဒီဘက်ကကျန်တဲ့ အရပ်ဘက်၊ နယ်ဘက်မှာ သူရဲ့သက်ဆိုင်ရာ မြို့နယ်ထဲမှာရှိတဲ့ စည်ပင်သာယာရွေးကောက်ပွဲတွေမှာ ဝင်မပါသင့်ဘူးထင်လို့ ကျနော်တို့ဒီဘက်ကနေ ရပ်တည်ခဲ့တာဖြစ်တယ်"

အဲ့ဒီပြင်ဆင်ချက်ကို ကိုယ်စားလှယ် ၅၀ ကျော်က ထောက်ခံဆွေးနွေးပြီး အတည်ပြုလိုက်တာဖြစ်ပါတယ်။

တပ်နယ်နိမိတ်ထဲမှာ နေထိုင်တဲ့ တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေဟာ အရင်က မန္တလေးမြို့တော် စည်ပင် ရွေးကောက်ပွဲတွေမှာ မဲပေးခွင့်ရသလို တပ်မြို့ စည်ပင်သာယာရေးဥပဒေအရ ဖွဲ့စည်းထားတဲ့ တပ်တွင်းသီးသန့် စည်ပင်သာယာရေးအဖွဲ့အတွက် မဲပေးခွင့် ရှိနေတာဖြစ်ပါတယ်။ အခုပြင်ဆင်လိုက်တဲ့အတွက် တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေဟာ တပ်တွင်းသီးသန့် စည်ပင်သာယာရေးအဖွဲ့အတွက်ပဲ မဲပေးခွင့် ရှိတော့မှာဖြစ်ပါတယ်။

ဒီကနေ့ အတည်ပြုလိုက်တဲ့ ပြင်ဆင်ချက်အရ စည်ပင်ကော်မတီသက်တမ်းကာလကိုလည်း ခန့်အပ်ဖွဲ့စည်းပေးခဲ့တဲ့ အစိုးရအဖွဲ့သက်တမ်း နဲ့အညီ ထားရှိရမယ်လို့ ပြင်ဆင်အတည်ပြုခဲ့တာဖြစ်ပါတယ်။