မန္တလေး မြစ်ကြီးနား မီးရထားတန်ဆာခ လျှော့ချ
2016.06.30

မြန်မာ့မီးရထားက မန္တလေးတိုင်း မြို့ဟောင်းဘူတာကနေ ကချင်ပြည်နယ် မြစ်ကြီးနားဘူတာအထိ ကုန်မျိုးစုံနဲ့ ဆီတွေတင်ဆောင်တဲ့ ကုန်ရထားတန်ဆာခနှုန်းထားတွေကို အခုလလယ်ပိုင်းကစပြီး လျှော့ချလိုက်ပါတယ်။
အရင်က ခရီးတစ်မိုင်အတွက် တစ်တန် ၉၀ ကျပ်နှုန်းကနေ ၇၅ ကျပ်နှုန်းကိုလျှော့ချလိုက်တာ ဖြစ်တယ် လို့ မြစ်ကြီးနားဘူတာကြီးရဲ့ ရုံပိုင်ချုပ် ဦးကြည်ဆန်းက ပြောပါတယ်။
"ကုန်ဆို တစ်တန် တစ်မိုင်ကို ၇၅ ကျပ်နှုန်းကောက်ပါတယ်၊ ဆီလုံးရထားကတော့ တစ်တန် တစ်မိုင်ကို ၉၀ ကျပ်နှုန်းကောက်ပါတယ်၊ အဲ့ဒါပဲပြောင်းလဲသွားတာပါ၊ တစ်တန် တစ်မိုင် ၁၅ ကျပ် သက်သာသွားတဲ့အခါ မှာ မြစ်ကြီးနားနဲ့ မြို့ဟောင်း ၅၁ဝဝ သက်သာပါတယ်၊ တွဲတစ်တွဲလုံးအနေနဲ့ဆိုရင် ငွေ တစ်သိန်းခြောက်သောင်းလောက် သက်သာပါတယ်၊ ဒီလိုနှုန်းချပေးလိုက်တဲ့အတွက်ကြောင့် ကားခနဲ့ ယှဉ်လို့ရှိရင် နည်းနည်းသက်သာလာတဲ့အတွက်ကြောင့် ဒီဘက်နည်းနည်းပိုတင်လာမယ်လို့ ယူဆပါတယ်"
ဒီနှစ်ပိုင်းအတွင်း မန္တလေးဘက်ကနေ မြစ်ကြီးနားဘက်ကို ကားမျိုးစုံနဲ့ သယ်ယူတာတွေရှိလာတဲ့အတွက် ကုန်ရထားနဲ့ သယ်ယူစားရိတ် တန်ဆာခဈေးနှုန်းတွေကို လျှော့ချလိုက်တာဖြစ်တယ်လို့ ပြောပါတယ်။
အခုလျှော့ချလိုက်တဲ့ တန်ဆာခ နှုန်းထားဟာ မြို့ဟောင်းဘူတာဘက်ကနေ မြစ်ကြီးနားဘူတာဘက် အဆန်ခရီး သယ်ယူစားရိတ်ဖြစ်ပြီး မြစ်ကြီးနားဘက်ကနေ မြို့ဟောင်းဘူတာဘက် သယ်ယူခနှုန်းကတော့ မူလအတိုင်း ဖြစ် ပါတယ်။
မြစ်ကြီးနားဘူတာကနေ မြို့ဟောင်းဘူတာကို မီးရထားမိုင်အနေနဲ့ မိုင် ၃၄၀ ရှိပါတယ်။
လက်ရှိအခြေအနေမှာ မြစ်ကြီးနားဘူတာကနေ တစ်လကို လူစီးရထားမျိုးစုံ ၇ စီး အစုန်အဆန် သွားလာနေပြီး ကုန်ရထား အစီးနှစ်ဆယ်လောက် အစုန် အဆန် သယ်ယူပို့ဆောင်နေတာဖြစ်ပါတယ်။
ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးတစ်ချို့က တိုင်းရင်းသားပြည်သူတွေဟာ ခရီးသွားလာရေးနဲ့ ကုန်စည်ပို့ဆောင်ရေးအတွက် မြန်မာ့မီးရထားကို အစဉ်အဆက် အသုံးပြု နေကြတာ လည်း ဖြစ်ပါတယ်။