မန္တလေးမှာ မျက်စိအထူးကုဆရာဝန်မိသားစု ဖမ်းဆီးပြီး ပိုင်ဆိုင်မှုတွေ ချိပ်ပိတ်ခံရ

မန္တလေးမြို့က မျက်စိအထူးကုဆရာဝန်ကြီး၊ ဇနီးဖြစ်သူ CDM ပါမောက္ခဆရာမနဲ့ နောက်ထပ် မိသားစုဝင်တစ်ဦးတို့ကို စစ်ကောင်စီက ပြည်သူ့ကာကွယ်ရေးတပ် PDF တွေကို ထောက်ပံ့တယ်လို့ စွပ်စွဲပြီး ဩဂုတ်လ ၂၃ ရက် မနေ့က ဖမ်းဆီးသွားတယ်လို့ မန္တလေးမြို့ခံတွေနဲ့ CDM ဆရာဝန်တွေက ပြောပါတယ်။

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် လမ်း ၈၀ နဲ့ ၈၁ လမ်းကြား၊ ၂၄ လမ်းမှာ တက်နေလင်း မျက်စိအထူးကု ဆေးခန်းဖွင့်ထားတဲ့ အထူးကု ဆရာဝန်ကြီး ဦးမြသန်း၊ CDM လုပ်ထားတဲ့ မန္တလေးတက္ကသိုလ် အဝေးသင်ဌာန တွဲဖက်ပါမောက္ခ ဒေါ်မြင့်မြတ်ခိုင်နဲ့ သူတို့ရဲ့ မိသားစုဝင် တစ်ဦးဖြစ်တဲ့ ဦးရန်နောင်ထွန်းတို့ ဖမ်းဆီးခံရတာပါ။

လူတွေကို ဖမ်းဆီးတဲ့အပြင် သူတို့ပိုင်ဆိုင်တဲ့ တက်နေလင်း မျက်စိအထူးကုဆေးခန်းနဲ့ Asahi ကွန်ဒို တိုက်ခန်းကိုလည်း စစ်ကောင်စီက ချိပ်ပိတ်သိမ်းယူခဲ့တယ်လို့ မန္တလေးမြို့ခံတစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။

“အခုက ဖမ်းဆီးခံရတဲ့ ဓာတ်ပုံတွေလည်း အွန်လိုင်းမှာ တက်လာပြီပေါ့နော်၊ ကျွန်တော်တို့ စုံစမ်းကြည့်တော့လည်း ဟုတ်တယ်၊ ဖမ်းဆီးခံရတယ်ဆိုတာ သေချာတယ်။ အရင်ရက်ကလည်း မဟာအောင်မြေထဲက ပုဂ္ဂလိက ကျောင်းဖွင့်ထားတဲ့ ကျောင်းဆရာ၊ ဆရာမတွေကို ဖမ်းတယ်။ ကျောင်းကိုလည်း ချိပ်ပိတ်တယ်။ နောက်ထပ် ဖမ်းတာတွေလည်း ရှိတယ်။ ဒီရက်ပိုင်းမှာ (PDF) တွေကို ထောက်ပို့လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရတာတွေ မန္တလေးမှာ မကြာခဏ ဖြစ်လာတယ်”

မျက်စိ အထူးကုဆရာဝန်ကြီး ဦးမြသန်း၊ ဇနီးဖြစ်သူ အဝေးသင်တွဲဖက်ပါမောက္ခ ဒေါ်မြင့်မြတ်ခိုင်တို့က အသက် ခုနစ်ဆယ်ဝန်းကျင် ဇနီးမောင်နှံဖြစ်ပြီး၊ သားဖြစ်သူ ဦးရန်နောင်ထွန်းက အသက် ၄၅ နှစ်ခန့်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။

နောက်ထပ် မန္တလေးမြို့ခံ သတင်းရင်းမြစ်တစ်ဦးကလည်း အောင်မြေသာစံမြို့နယ်က တက်နေလင်း မျက်စိအထူးကုဆေးခန်း အဆောက်အအုံကို ကြိုးအနီတွေတားပြီး ချိတ်ပိတ်သိမ်းဆည်းထားတာကို ဒီနေ့မနက်ပိုင်းက မြင်တွေ့ခဲ့ရတယ်လို့ RFA ကို အတည်ပြု ပြောဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီက တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က ဒီနေ့ ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

စစ်ကောင်စီကို ထောက်ခံတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာလည်း မျက်စိအထူးကု ဆရာဝန်ကြီးနဲ့ သူ့ရဲ့မိသားစုဝင်တွေကို ဖမ်းဆီးလိုက်ပြီး ပိုင်ဆိုင်မှုတွေကို ချိပ်ပိတ်လိုက်တဲ့ အကြောင်း ဓာတ်ပုံတွေနဲ့တကွ ဖော်ပြထားပါတယ်။ NUG၊ PDF ‌တွေကို ထောက်ခံရင် ဘဝပျက်နိုင်ကြောင်းနဲ့ အခုဖမ်းထားသူတွေကို အနည်းဆုံး ထောင် ဆယ်နှစ်ကနေ တစ်သက်တစ်ကျွန်းထိ ချမှတ်နိုင်ကြောင်း ခြိမ်းခြောက်ထားပါတယ်။

CDM ဆရာဝန် နှစ်ဦးကို အလုပ်ခန့်ထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မန္တလေးမြို့က အကြီးဆုံး ပုဂ္ဂလိကဆေးရုံဖြစ်တဲ့ မင်္ဂလာဆေးရုံကိုလည်း မနက်ဖြန် ဩဂုတ်လ ၂၅ ရက်နေ့ကစလို့ သုံးလ ပိတ်ထားဖို့ စစ်ကောင်စီက အမိန့်ပေးထားပါတယ်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလကလည်း မန္တလေးဆေးတက္ကသိုလ်က CDM လုပ်ထားတဲ့ ဆီးနဲ့ကျောက်ကပ် ခွဲစိတ်အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာဝင်းခိုင်ကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်က နန်းတော်ပုဂ္ဂလိကဆေးရုံမှာ ရှိနေချိန် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါတယ်။

အဲဒီနောက်မှာတော့ မန္တလေးမြို့က CDM ကျန်းမာရေးဝန်ထမ်းတွေကို အလုပ်လုပ်ခွင့် ပေးထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နန်းတော်၊ မြို့တော်၊ ကံ့ကော် စတဲ့ ပုဂ္ဂလိကဆေးရုံ ဆေးရုံ သုံးခုကို လုပ်ငန်းလိုင်စင် အပြီးရုပ်သိမ်းလိုက်ကြောင်း စစ်ကောင်စီက ၂၀၂၃ မေလ ၁၅ ရက်နေ့က အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီဟာ PDF တွေကို ထောက်ပံ့မှု လျော့ကျစေချင်တဲ့ ရည်ရွယ်ချက်နဲ့ CDM ဆရာဝန်တွေကို ဖမ်းဆီးတာ၊ ဆေးရုံဆေးခန်းတွေကို ချိပ်ပိတ်တာတွေ လုပ်နေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မန္တလေးက CDM ဆရာဝန်တစ်ဦးက ပြောပါတယ်။

"အဓိက ကတော့ အခုနောက်ပိုင်း CDM တွေကို ဖမ်းတာထက်စာရင် ဆေးရုံတွေကို ထောက်ပို့ကိစ္စနဲ့ တင်းကျပ်တဲ့ သဘောမျိုး ပိုတွေ့ရတယ်။ CDM တွေကို ဖမ်းမယ်ဆို အကုန်လုံးကို တန်းစီပြီး မရှာနိုင်ဘူးဆိုတဲ့ အခါကျတော့ CDM တွေ အလုပ်အကိုင် လျော့သွားရင် ထောက်ပို့လုပ်တာ၊ လှူတာတွေ နည်းသွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်နေတာ"

ကျန်းမာရေးဝန်ထမ်းတွေနဲ့ စုဖွဲ့ထားတဲ့ CDM Medical Network ရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးချိန်ကနေ အခုချိန်ထိ နိုင်ငံတစ်ဝန်းက ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်း ၈၅၃ ဦး ဖမ်းဆီးခံရပြီး CDM ဆရာဝန် ၅၅၇ ဦး ၂၀၂၂ ခုနှစ်ကစလို့ ဆေးကုသခွင့်လိုင်စင် (ဆမ) လက်မှတ် တစ်နှစ် ရုပ်သိမ်းခံထားရပါတယ်။

ဒါပေမဲ့ အာဏာသိမ်းထားတဲ့ နှစ်နှစ်ခွဲကျော် ကာလအထိ ဆရာဝန်တွေ အပါအဝင် ကျန်းမာရေးဝန်ထမ်း လေးသောင်းခွဲကျော်ဟာ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) မှာ ဆက်လက် ပါဝင်နေပါတယ်။