မိကျောင်းကန် သပိတ်စခန်းခေါင်းဆောင်ကို ဖမ်းဆီးထိန်းသိမ်း


2014.07.31
mechaungkan-city-hall-305.jpg ဘိုးဘွားပိုင်မြေများ ပြန်လည်ရရှိရေး အောက်တိုဘာလ ၂ ရက်နေ့က မိချောင်းကန် အပိုင်း ၁၊ ၂၊ ၃ မှ မူလမြေပိုင်ရှင်များ မဟာဗန္ဓုလပန်းခြံအရှေ့မှာ သပိတ်စခန်းဖွင့် ဆန္ဒပြနေကြစဉ်
photo: RFA/ Thiha Htun

စစ်တပ်ကသိမ်းထားတဲ့ အိမ်မြေနေရာတွေပြန် ရဖို့တောင်းဆိုနေတဲ့ မိချောင်းကန်ရပ်ကွက် သပိတ်ခေါင်းဆောင် ဦးစိန်သန်းကို အရပ်ဝတ်လူတစ်စု က ကန်တော်ကြီး မျှော်စင်ကျွန်းအနီးမှာ ဒီနေ့မနက်က ဖမ်းဆီးခေါ်ဆောင်သွားပြီး ရုံးတင်တရားစွဲကာ ညနေပိုင်းမှာ အင်းစိန်ထောင်ကို ပို့လိုက်တယ်လို့ သတင်းရရှိပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ယန်ဟီလီ တောင်းခံထားတဲ့ အထောက်အထားတွေကို ကုလသမဂ္ဂရုံးကိုပေးဖို့အသွား အဖမ်းခံရတာဖြစ်တဲ့ အကြောင်း သမီးဖြစ်သူ မနေနွယ်က RFA ကိုပြော ပါတယ်။

"အကြမ်းဖက်ခံရတဲ့ ဓါတ်ပုံအထောက်အထားတွေ ရိုက်ပြီးတော့ မိချောင်းကန်ရဲ့ အထောက်အထားတချို့ ရယ်ပေါ့နော် အဲဒါတွေကိုလာပေးဖို့အတွက် ပြောခဲ့တဲ့ အတွက် မနက်ပိုင်းမှာ ဦးစိန်သန်းက သွားခဲ့တယ်လို့ သိရတယ်၊ လမ်းတဝက် UN ရုံးမရောက်ခင် မျှော်စင်ကျွန်းအရှေ့နားက စားသောက်ဆိုင်မှာ ထမင်းဝင်စားတယ် လို့ သိရတယ်၊ အဲဒီစားသောက်ဆိုင်မှာပဲ အရပ်ဝတ်နဲ့ လူ ၁ဝ ယောက်လောက်က ကားပေါ်အတင်းဆွဲတင် သွားတယ်၊ ညီမတို့လိုက်စုံစမ်းတော့ ၃ နေရာစလုံးမှာ ပုဒ်မ ၁၈ ကပ်ထားတယ်၊ လသာရယ်၊ ပန်းပဲတန်းရယ် ၊ ကျောက်တံတားရယ် နောက် ပန်းပဲတန်းမှာပဲ စည်ပင်အမှုနဲ့ ထပ်ပြီးတော့ စွဲထားသေးတယ်"

ဦးစိန်သန်းကို ဒီနေ့ နေ့လည်မှာပဲ ကျောက်တံတား၊ ပန်းပဲတန်းနဲ့ လသာ ၃ မြို့နယ်တရားရုံးတွေက  ပုဒ်မ ၁၈ တရားမဝင် စီတန်းလှည့်လည်မှု၊ ပုဒ်မ ၆၈ စည်ပင်သာယာအမှုတွေနဲ့ တရားစွဲလိုက်ပြီး၊ အာမခံမပေးတော့ဘဲ ညနေမှာ အင်းစိန်ထောင်ကို ပို့လိုက်တာဖြစ်ပါတယ်။ သူ့ကို ရမာန်တစ်ပတ်ရုံးချိန်းပေးလိုက်တဲ့အတွက် နောက် တစ်ပတ်မှာ တရားရုံးထွက်ရမယ်လို့လည်း သိရပါတယ်။

နဝတစစ်အစိုးရလက်ထက်မှာ ရပ်ကွက်ဖျက်ပြီး အိမ်မြေတွေအသိမ်းခံလိုက်ရတဲ့ မိချောင်းကန် ရပ်ကွက်သားတွေရဲ့ မြို့တော်ခန်းမရှေ့ကဆန္ဒပြတောင်းဆိုမှုဟာ ၄ လကျော် ကြာနေပြီဖြစ်ပါတယ်။ ရဲတပ်ဖွဲ့က စည်ပင်သာယာ ဝန်ထမ်းတွေနဲ့ အရပ်သားတချို့ခေါ်လာပြီး ပြီးခဲ့တဲ့ မတ်လ ၃ဝ ရက် မနက် ၃ နာရီကျော်မှာ သပိတ်စခန်းကို ဝင်ရောက်ဖျက်သိမ်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။