ကယားပြည်နယ် လွိုင်ကော်မြို့က ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ ဒီနေ့ ၅ ပွင့်ဆိုင် တေ့ွဆုံဆွေးနွေးမှု အပြီးသတ်သဘောတူညီမှု မရရှိတဲ့အတွက် ဧပြီလမကုန်ခင် ထပ်မံတေ့ွဆုံဖို့ ဆုံးဖြတ်လိုက်ပါတယ်။
လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်ကြေးရုပ် ထားရှိတာကို ကန့်ကွက်နေတဲ့ ကရင်နီလူငယ်အင်အားစုအဖွဲ့ဝင်တွေနဲ့ ပြည်နယ်အစိုးရ၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ဦးဆောင်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) က တာဝန်ရှိသူတွေ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP၊ ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီတို့ ၅ ပွင့်ဆိုင်တွေ့ဆုံပြီး လွိုင်ကော်မြို့မှာ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။
ဆွေးနွေးပွဲမှာ ဗိုလ်ချုပ်ကြေးရုပ်နဲ့ ပတ်သက်ပြီး ကယားပြည်နယ်အစိုးရအဖွဲ့ဘက်က တင်ပြတဲ့ အဆိုပြုချက် နှစ်ချက် နဲ့ ကရင်နီ ပြည်လူငယ်များအင်အားစု သပိတ်ကော်မတီက တင်ပြတဲ့ အဆိုပြုချက် နှစ်ချက် အပေါ် အကျေအလည် ဆွေးနွေးခဲ့ကြပေမယ့် နှစ်ဖက် လက်ခံနိုင်တဲ့ အဖြေ မရရှိခဲ့ကြတဲ့အတွက် နှစ်ဖက် လက်ခံနိုင်မယ့် အဖြေတစ်ခု ရရှိဖို့ ဧပြီလမကုန်ခင်မှာ အပြီးသတ် ဆွေးနွေးသွားဖို့ သဘောတူခဲ့ကြပါတယ်။
"ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ကတော့ ဗိုလ်ချုပ်ကြေးရုပ်ကို လက်ရှိအတိုင်းပဲ ဆက်ထားပါမယ်၊ နောက်ဒီနေရာမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကတိကဝတ်တွေ ပင်လုံစာချုပ်ပါ အချက်တွေကို နှစ်ဖက်ညှိနှိုင်းပြီး ကဗ္ဗည်းကျောက်စာတွေကို ထားရှိပါမယ်၊ နောက်တစ်ချက်ကတော့ ဗိုလ်ချုပ်ကြေးရုပ်ကို လက်ရှိအတိုင်းထားပြီးတော့မှ ကရင်နီတိုင်းရင်းသားခေါင်းဆောင်တစ်ဦးရဲ့ ရုပ်တုကိုလည်း ထားရှိမယ်ဆိုပြီး ကျွန်တော်တို့ဘက်က အဆိုပြုခဲ့ပါတယ်။ အဆိုပြုချက်တွေက နှစ်ဘက်စလုံးမှာရှိနေပါတယ်၊ မတူညီတဲ့ အဆိုပြုချက်တွေဖြစ်နေတဲ့အတွက် ဒါကို နှစ်ဖက်လုံးက ပြန်လည်သုံးသပ်ပြီး နောက်ဧပြီလမကုန်ခင်မှာ ထပ်တွေ့ပြီး ဆွေးနွေးမယ့်သဘောပါ"
ဒါကတော့ ကယားပြည်နယ် အစိုးရအဖွဲ့က အတွင်းရေးမှူး ဦးညီညီမင်း ပြောသွားတာပါ။
ကရင်နီပြည်လူငယ်များအင်အားစု သပိတ်ကော်မတီဘက်ကတော့ ဗိုလ်ချုပ်ကြေးရုပ်တုကို ကယားပြည်နယ် ပြင်ပကို ရွှေ့ပြောင်းပေးဖို့၊ ဒါမှမဟုတ် ကယားပြည်နယ်ပြင်ပကို ရွှေ့ပေးဖို့ အဆင်မပြေရင် အများနဲ့ မသက်ဆိုင်တဲ့နေရာမှာ ထားဖို့ အချက်နှစ်ချက်ကို အဆိုပြုခဲ့ကြတာပါ။
ကရင်နီပြည်လူငယ်များအင်အားစု သပိတ်ကော်မတီက ပြောရေးဆိုခွင့်ရှိသူ ခူးရီးရယ်က အခုလိုပြောပါတယ်။
"ဒီနေ့ ဆွေးနွေးနေတဲ့ ပုံစံအတိုင်းဆို ဘယ်တော့မှာ ဒိုင်ယာလော့ တစ်ခု မဖြစ်နိုင်ဘူးပေါ့နော်၊ သူတို့ကလည်း သူတို့ကိုင်ဆွဲထားတဲ့ဟာကိုပြောတယ်၊ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ ကိုင်ဆွဲထားတာကိုပဲပြောတယ်ဆိုတော့ မရနိုင်တဲ့ အနေအထားမှာ ရှိနေတဲ့အတွက်ကြောင့် နောက်လာမယ့် ဆွေးနွေးပွဲမှာ အပြီးသတ်ဆွေးနွေးမယ်ဆိုပြီး သဘောတူခဲ့တယ်၊ ကျွန်တော်တို့မျှော်လင့်တာကတော့ နောက်တစ်ခေါက်ကျရင် လုံးဝပြီးကိုပြီးလိမ့်မယ်လို့ မျှော်လင့်တယ်"
ပြည်နယ်အစိုးရအနေနဲ့ ဗိုလ်ချုပ်ကြေးရုပ်ကို မတ်လ ၁၇ ရက်နေ့မှာ နောက်ဆုံးထားရွှေ့ပြောင်းပေးဖို့ ကရင်နီပြည်လူငယ်အင်အားစုက ကြေညာချက် ထုတ်ပြန်တောင်းဆိုခဲ့ကြပါတယ်။
အဲဒီနောက်မှာ ကန့်ကွက်နေတဲ့ ကရင်နီပြည်လူငယ်အင်အားစုတွေရဲ့ တောင်းဆိုချက်အပေါ် ၅ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးဖို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အကြောင်းပြန်ခဲ့ပြီးနောက် ဒီနေ့ တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ပေါ်လာခဲ့တာပါ။
နောက်တစ်ကြိမ်ကျင်းပမယ့် အပြီးသတ်ဆွေးနွေးပွဲမှာတော့ ဗိုလ်ချုပ်ကြေးရုပ် ဖြစ်မြောက်ရေးကော်မတီမပါတော့ဘဲ လေးပွင့်ဆိုင်သာ တွေ့ဆုံဆွေးနွေးသွားမယ်လို့ ဒီနေ့ ဆွေးနွေးပွဲကနေ သဘောတူခဲ့ကြပါတယ်။
ဗိုလ်ချုပ်ကြေးရုပ် ထားရှိတာကို ကန့်ကွက်မှုတချို့ ရှိနေတဲ့ကြားက ကယားပြည်နယ် လွိုင်ကော်မြို့မှာ ကန္တာဟေဝန် ပန်းခြံထဲမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စိုက်ထူခဲ့ပြီး ၂ ရက်နေ့က ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့တာဖြစ်ပါတယ်ရှင်။
ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင် ပေးပို့တာပါ။
