ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးမူကြမ်းအပေါ် ပူးပေါင်းကော်မတီမှာ သဘောထားကွဲလွဲနေ

0:00 / 0:00

ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီက ဦးဆောင်တင်သွင်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းနဲ့ပတ်သက်ပြီး ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီအဖွဲ့ဝင်တွေအကြား သဘောထားကွဲလွဲမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီက တင်သွင်းထားတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးမူကြမ်းမှာ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေကို ခန့်အပ်ပိုင်ခွင့်နဲ့ပတ်သက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၁ ကို အဓိကထားပြင်ဆင်ထားတာဖြစ်ပါတယ်။

အဲဒီမူကြမ်းအပေါ် သုံးသပ်ချက်အစီရင်ခံစာကို မနက်ဖြန် ပြည်ထောင်စုလွှတ်တော်မှာ တင်ပြမှာဖြစ်တဲ့အတွက် ဒီနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဥပဒေကြမ်းရေးဆွဲတဲ့ ကော်မတီအစည်းအဝေးမှာ ပူးပေါင်းကော်မတီအဖွဲ့ဝင်တွေအကြား သဘောထားကွဲလွဲမှုတွေ ရှိနေတာဖြစ်ပါတယ်။

အဲဒီမူကြမ်းပါ ပြင်ဆင်ချက်ကို တပ်မတော်သားကိုယ်စားလှယ်တွေ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ ရခိုင်အမျိုးသားပါတီတို့က ကိုယ်စားလှယ်တွေက သီးခြားဆွေးနွေးစေလိုပြီး အင်န်အယ်လ်ဒီပါတီနဲ့ အခြားတိုင်းရင်းသားပါတီ ကိုယ်စားလှယ်တွေကတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီက တင်သွင်းတဲ့အခါ အဲဒီပုဒ်မပါဝင်လာမှာဖြစ်တာကြောင့် အဲဒီအချိန်မှာမှ တစ်ပေါင်းတည်း ဆွေးနွေးစေလိုတာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။