ဘဏ်နှစ်ခုကိုပိတ်ဆို့မှု အကြောင်းပြချက်မခိုင်လုံဘူးလို့ စစ်ကောင်စီပြော

အမေရိကန်နိုင်ငံက မြန်မာစစ်ကောင်စီလက်အောက်ခံ ဘဏ်နှစ်ခုကို ပိတ်ဆို့ထားတာဟာ အကြောင်းပြချက် ခိုင်လုံမှုမရှိဘူးလို့ စစ်ကောင်စီရဲ့ စီမံကိန်းနဲ့ဘဏ္ဍာရေး ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဩဂုတ်လ ၂၂ ရက်နေ့ နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

"နိုင်ငံပိုင် ဘဏ်နှစ်ခုအပေါ်မှာ အခုလိုထုတ်ပြန်ခဲ့တာဟာ တစ်ဖက်သတ်ပိတ်ဆို့မှု ဖြစ်ပါတယ်။ ပိတ်ဆို့တဲ့ အကြောင်းပြချက်များဟာလည်း ခိုင်မာမှုမရှိပါဘူး"

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်း ရောင်းဝယ်ရေးဘဏ် (MICB) တွေကို ဇူလိုင်လ ၂၁ ရက်နေ့မှာ အမေရိကန်နိုင်ငံက ပိတ်ဆို့အရေးယူခဲ့တာဖြစ်ပြီး နှစ်လအကြာမှာ စစ်ကောင်စီဘက်က ထပ်မံတုံ့ပြန်လာတာပါ။

အရေးယူမယ့် သတင်းထွက်နေချိန် ဇူလိုင်လ ၂၀ ရက်နေ့မှာ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဒီပိတ်ဆို့မှုဟာ ထိခိုက်မှုမရှိဘူးလို့ ပြောခဲ့ပါတယ်။

ဒါပေမဲ့ ဒီနေ့ သတင်းစာရှင်းပွဲမှာတော့ စီမံကိန်းနဲ့ဘဏ္ဍာရေး ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက နိုင်ငံခြားငွေသုံးစွဲမှု၊ ပို့ကုန်သွင်းကုန်၊ ပညာရေး၊ ကျန်းမာရေးနဲ့ အခြေခံအဆောက်အအုံတွေ ထိခိုက်မှုရှိတယ်လို့ ဝန်ခံခဲ့ပါတယ်။

MFTB ဘဏ်ဟာ စစ်ကောင်စီနဲ့ ပုဂ္ဂလိကကို ဝန်ဆောင်မှုပေးနေတဲ့ ဘဏ်ဖြစ်ပြီးတော့ MICB ကတော့ ပုဂ္ဂလိကရဲ့ နိုင်ငံခြားငွေကို ဆောင်ရွက်ပေးနေတဲ့ဘဏ်တွေ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ ဒီဘဏ်တွေကတစ်ဆင့် နိုင်ငံခြားငွေတွေစီးဆင်းပြီး စစ်လက်နက်ပစ္စည်း ဝယ်ယူနေတာကြောင့် ပိတ်ဆို့ရတာလို့ အမေရိကန်ဘက်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။