ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ ရဲကင်းစခန်း ၄ ခုကို အကြမ်းဖက်ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ ရက္ခိုင့်တပ်မတော် AA အဖွဲ့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ အမှုဖွင့်ထားတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်ထားပါတယ်။
မနေ့က မနက်ပိုင်းတုန်းက ဘူးသီးတောင်မြို့နယ်ရှိ ရဲကင်းစခန်း ၄ ခုကို အကြမ်းဖက်တိုက်ခိုက်ခဲ့တာကြောင့် AA အဖွဲ့ကို အမှုဖွင့်ထားလို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦးက RFA ကို အတည်ပြုပြောဆိုပါတယ်။
"ဟုတ်ပါတယ်ဗျ။ ဟုတ်ပါတယ်။ သက်ဆိုင်ရာ ရဲစခန်းကပါဗျ။ ရဲက ထုတ်ပြန်ကြေညာချက်မှာ အပြည့်အစုံပါပါတယ်"
ရဲကင်းစခန်း ၄ ခု ကို ဝင်ရောက်တိုက်ခိုက်လို့ဆိုပြီး ဘူးသီးတောင်မြို့နယ် တောင်ပဇာနယ်မြေစခန်းတစ်ခုတည်းမှာပဲ အမှုအားလုံး ဖွင့်တာဖြစ်ပါတယ်။
AA အဖွဲ့ကို ခထီးလှနဲ့ ဂုပ္ပိ ရဲကင်းစခန်းနှစ်ကို ဝင်ရောက်တိုက်ခိုက်တာကိုတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတစ်ခုစီနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ငမြင်းဘော်နဲ့ ကျောင်းတောင်ရဲကင်းစခန်း စတဲ့ ရဲကင်းစခန်းနှစ်ခုကို ဝင်ရောက်တိုက်ခိုက်ရာမှာ ရဲတပ်သားတွေ သေဆုံးတာတွေရှိတာကြောင့် ဘူးသီးတောင်မြို့နယ် တောင်ပဇာနယ်မြေစခန်းမှာ ၂၀၁၄ ခုနှစ် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၊ ၁၉၄၉ ခုနှစ်လက်နက်(အရေးပေါ်ပြစ်ဒဏ်စီရင်မှု)(ယာယီ)ပုဒ်မ နှစ်ခုစီနဲ့ အမှုဖွင့်ထားပါတယ်။
AA အဖွဲ့ကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့်ထားတာနဲ့ ပတ်သက်ပြီး AA အဖွဲ့ကို RFA က ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ် မရရှိသေးပါဘူး။
မနေ့က ရဲကင်းစခန်း လေးခု တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ ၁၃ ဦး ကျဆုံးပြီး ၉ ဦးဒဏ်ရာ ရရှိတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
မနေ့က တိုက်ပွဲတွေဖြစ်ခဲ့တဲ့ ခထီးလှကျေးရွာမှာ နေအိမ် ၈ လုံး မီးလောင်ပျက်စီးခဲ့ရသလို နွားတွေလည်း ပျောက်ဆုံးခဲ့တယ်လို့ ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။
ဒီနေ့မှာတော့ ရွာအနီးမှာ တိုက်ပွဲမရှိပေမယ့် တပ်မတော်စစ်ကြောင်းတွေ ရောက်ရှိလာမယ်ဆိုတဲ့ သတင်းတွေ ကြားနေရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ဒေသခံတွေက တိုက်ပွဲတွေပြန်ဖြစ်မှာကို စိုးရိမ်နေကြတယ်လို့ ခထီးလှကျေးရွာသား ဦးဝေသာအောင်က ပြောပါတယ်။
"တိုက်တာ ခိုက်တာတော့ မရှိဘူး။ ရွာထဲမှာ စစ်ပွဲတွေတော့ မရှိတော့ဘူး။ မနေ့ကတော့ ရှိပါတယ်။ ခဏနေရင် စစ်ကြောင်းတွေ ဝင်လာမယ်လို့ ပြောသံကြားပါတယ်။ လန့်တာတော့ ရှိတာပေါ့။ ရွာထဲမှာ ရှိတာဆိုတော့ ရွာသားတွေက ထိတ်လန့်တာပေါ့"
ဒီအခြေအနေနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နဲ့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ကို RFA က ဒီညနေပိုင်းမှာ ဖုန်းနဲ့အကြိမ်ကြိမ် ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။
မနေ့က ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ နယ်ခြားစောင့် ရဲစခန်းတွေဟာ တပ်မတော်စစ်ကြောင်းတွေ ဝင်ထွက်သွားလာတဲ့ စခန်းတွေဖြစ်ပြီး ဒီစခန်းတွေကနေ ရက္ခိုင့်တပ်မတော်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ရှိတာကြောင့် အခုလိုတုံ့ပြန်တိုက်ခိုက်တာလို့ AA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ က RFA ကို မနေ့က ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ရခိုင်ပြည်နယ် ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းတို့မှာလည်း တပ်မတော်နဲ့ AA အဖွဲ့တို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့သလို စားနပ်ရိက္ခာ သယ်ယူခွင့်ကို တပ်မတော်က ကန့်သတ်ထားတယ်လို့ သိရပါတယ်။ ဒါကြောင့် ကျောက်တော်မြို့နယ် ဝါးတောင်ကျေးရွာမှာ ဒုက္ခသည်အရေအတွက် ၁၃၀၀ ကျော်အထိ ရှိလာပါတယ်။
စစ်ဘေးဒုက္ခသည် ၁၃၀၀ ကျော်အတွက် အကူအညီတွေ လိုအပ်နေတဲ့အကြောင်း ဝါးတောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်ရွှေဘုက အခုလိုပြောပါတယ်။
"စားရေးသောက်ရေးကတော့ လောလောဆယ် အဆင်ပြေနေပါတယ်။ နေရေးက ကျပ်နေပါတယ်။ သူတို့ မြေပြင်မှာ တာလပတ်တွေနဲ့ ခင်းနေရတာဆိုတော့ အစစအရာရာတော့ အဆင်မပြေနိုင်သေးဘူး"
ဒီနေ့မှာတော့ ကျောက်တော်မှာ တိုက်ပွဲဖြစ်ပွားမှု မရှိသေးဘူးလို့ သိရပါတယ်။
မနေ့က ရဲကင်းစခန်းတွေကို AA က ဝင်ရောက်တိုက်ခိုက်ပြီးနောက် ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ၁၈ ဦးကို မနေ့ညပိုင်းက ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
ရဲကင်းစခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ရက္ခိုင့်တပ်မတော် AA ကို အစိုးရတပ်မတော်က နယ်မြေရှင်းလင်းရေး ပိုမိုလုပ်ဆောင်သွားမယ်လို့ မနေ့က ကြေညာလိုက်ပါတယ်။
ဒါကြောင့် ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပိုမိုဖြစ်ပွားလာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်ခင်ဗျာ။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။