စစ်ကောင်စီခွင့်ပြုလိုက်တဲ့ စီမံကိန်း လက်တွေ့ အကောင်အထည်ဖော်ဖို့ ခက်ခဲနိုင်

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၁၅ ခုကို၊ စစ်ကောင်စီကခွင့်ပြုလိုက်ပေမယ့်၊ လူထုကဆန့်ကျင်တာ ခံနေရတဲ့ အတွက် လက်တွေ့အကောင်အထည်ဖော်ဖို့ ခက်လိမ့်မယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကုမ္ပဏီကြီးတွေအနေနဲ့ စစ်ကောင်စီ လက်ထက်မှာ မတတ်သာလို့ ဆက်လက်ရင်းနှီးမြှုပ်နှံရမယ်ဆိုရင်တောင်၊ မြန်မာနိုင်ငံကို ပေးရမယ့် အကျိုး အမြတ်ကို စစ်ကောင်စီလက်ထဲ တိုက်ရိုက်မထည့်ဘဲ နိုင်ငံတကာ ဘဏ်တစ်ခုမှာပဲ အပ်နှံထားသင့်တယ်လို့ တိုက်တွန်းပါတယ်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံတန်ဖိုးရှိတဲ့ သဘာဝဓာတ်ငွေ့ရည် (LNG) စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းအပါအဝင်၊ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၅ ခုကို ပြီးခဲ့တဲ့အပတ် သောကြာနေ့၊ မေလ ၇ ရက်က ခွင့်ပြုလိုက်ပါတယ်။

အဲဒီရင်းနှီးမြှုပ်နှံမှုဟာ ဘယ်နိုင်ငံက ဘယ်ကုမ္ပဏီတွေကို ခွင့်ပြုတယ်ဆိုတာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ရဲ့ ထုတ်ပြန်ချက်မှာ ရှင်းရှင်းလင်းလင်း ဖော်ပြမထားပါဘူး။

ဒီကိစ္စအသေးစိတ် သိနိုင်ဖို့အတွက် စစ်ကောင်စီက ခန့်ထားတဲ့ စီးပွားကူးသန်းနဲ့ နိုင်ငံခြားဆက်သွယ် ဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါ မကြာခင်မှာ အသေးစိတ်ထုတ်ပြန်ပေးမယ်လို့ ပြောပါတယ်။

"မကြာခင် ရက်ပိုင်းအတွင်းမှာ အသေးစိတ် ထုတ်ပြန်ပေးပါ့မယ်ဗျ၊ ဘယ်ကုမ္ပဏီ၊ ဘယ်ပရောဂျက် ဘာညာ ဆိုတာကိုပေါ့။ လောလောဆယ် သူတို့ကလည်း ဒါ Confidential ထားပေးပါဆိုလို့၊ ပရောဂျက် ကိုတော့ Announce လုပ်ပေးလိုက်တယ်၊ ကျန်တဲ့အပိုင်းက Confidential ဖြစ်နေတော့ တရားဝင် ထုတ်လို့မရသေးလို့၊ မကြာခင်ထုတ်ပေးပါ့မယ်၊ သူတို့ဘက်က လုပ်စရာရှိတာ လုပ်ပြီးရင် ထုတ်ပေးပါ့မယ် နော။"

အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံတန်ဖိုးရှိတဲ့ သဘာဝဓာတ်ငွေ့ရည် (LNG) စွမ်းအင်သုံးလျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်းဟာ၊ ဧရာဝတီတိုင်း ချောင်းသာနဲ့ ဂွမြို့ကြားက ပင်လယ်ကမ်းခြေဒေသတစ်ခု ဖြစ်တဲ့ မီးလင်းကြိုင်ရွာမှာ ရင်းနှီးမြှုပ်နှံဖို့၊ ပြီးခဲ့တဲ့နှစ်က ပြင်ဆင်နေတဲ့ စီမံကိန်းဖြစ်ဖွယ်ရှိတယ်လို့ ပြည်တွင်း အခြေစိုက် ဧရာဝတီသတင်းဌာနနဲ့ ပြည်ပ သတင်းမီဒီယာအချို့က ရေးသားဖော်ပြကြပါတယ်။

မီးလင်းကြိုင်စီမံကိန်းဟာ တရုတ်နိုင်ငံ Zhefu ကုမ္ပဏီနဲ့ ဒေသတွင်း Supreme Group ကုမ္ပဏီအစု အဖွဲ့တို့ ပူးပေါင်းပြီး လျှပ်စစ်ဓာတ်အား ၁၃၉၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်မယ့် စီမံကိန်းတစ်ခုဖြစ်ပြီး ထွက်တာတဲ့ လျှပ်စစ် ဓာတ်အားကို တိုင်းနဲ့ပြည်နယ်တွေကိုပါ ဖြန့်ဖြူးမှာဖြစ်ပါတယ်။ ဒီစီမံကိန်းကနေထွက်မယ့် လျှပ်စစ်ဓာတ်အား တွေကို ပြည်တွင်းကို ရာနှုန်းပြည့်ရောင်းချသွားမှာ ဖြစ်တယ်လို့လည်း စစ်ကောင်စီက မေလ ၈ ရက်နေ့က နိုင်ငံပိုင်သတင်းစာတွေကနေတစ်ဆင့် ထုတ်ပြန်ပါတယ်။

ပြည်တွင်းနိုင်ငံရေးလေ့လာသူ စာရေးဆရာ ဦးသန်းစိုးနိုင် ကတော့ ဒီစီမံကိန်းဟာ စစ်ကောင်စီ အသက်ရှု ပေါက် ရအောင် ဖွင့်ပေးလိုက်တဲ့ စီမံကိန်းဖြစ်ပေမယ့် အခုလို ပြည်တွင်းမတည်ငြိမ်မှုတွေဖြစ် နေတဲ့အချိန်မှာ လက်တွေ့အကောင် အထည်ဖော်ဖို့ ခက်ခဲလိမ့်မယ်လို့ ယူဆကြောင်းပြောပါတယ်။

"ဒီလိုအကျပ်အတည်းဖြစ်နေချိန်မှာ တရုတ်က စီမံကိန်းကြီးတစ်ခု ချပေးလိုက်တာက လက်ရှိ အနေအထား မှာ စစ်ကောင်စီ အသက်ရှူပေါက်ရအောင် လမ်းဖွင့်ပေးလိုက်တာလို့ ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် သူတို့ကို ဒီအချိန်မှာ ဘယ်နိုင်ငံကမှ အဖက်မလုပ်ဘဲ၊ မဆက်ဆံဘဲနေချိန်မှာ ဒီလိုစီမံကိန်းကို လုပ်တယ်ဆိုတာက နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှု တိုင်းပြည်မှာ ရှိနေတယ်။ စစ်ကောင်စီကို အသိအမှတ် ပြုတယ်ဆိုတာကို ဖော်ထုတ်ချင်လို့ ဖြစ်မယ်။ ဒါပေမဲ့ ဒီလုပ်ငန်းဟာ လက်တွေ့လုပ်နိုင်တဲ့ အခြေအနေ လည်း ရှိမယ်မထင်ပါဘူး။ ဘာလို့လဲဆိုတော့ ပြည်တွင်းမှာ နိုင်ငံရေးအရ မတည်ငြိမ်မှုတွေ၊ CDM လှုပ်ရှားမှုတွေ၊ ဗုံးခွဲမှုတွေ၊ တရုတ်အစိုးရရဲ့ ပိုက်လိုင်းကိုတောင် ခြိမ်းခြောက်နိုင်တဲ့ အနေအထားတွေ ရှိနေတဲ့အောက်မှာ လက်တွေ့လုပ်ဖြစ်မယ့် လုပ်ငန်းမဟုတ်ပါဘူး။ ဝါဒဖြန့်ချီတဲ့ လုပ်ငန်းပဲ ဖြစ်မှာပါ"

တရုတ်ကုမ္ပဏီတစ်ခုကို အခုလို စီမံကိန်းကြီးတစ်ခုကို ချပေးတယ်ဆိုတဲ့ကိစ္စဟာ စစ်ကောင်စီအနေနဲ့ စီးပွားရေး ထွက်ပေါက်ရှာရာမှာ အထောက်အကူဖြစ်စေတယ်လို့ ယူဆကြောင်းလည်း ဦးသန်းစိုးနိုင်က ပြောပါတယ်။

မြန်မာ့နိုင်ငံရေး စစ်ရေးလေ့လာသူ ဒေါက်တာ လှကျော်ဇော ကတော့ စစ်ကောင်စီက ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း တွေ ကို ခွင့်ပြုနေပေမယ့် ပြည်သူလူထုဘက်ကတော့ စစ်ကောင်စီကို ဆက်လက်ကန့်ကွက်နေလိမ့်မယ်လို့ ပြောပါတယ်။

"တရုတ်နဲ့ မြန်မာပြည်ရဲ့ဆက်ဆံရေးက အစိုးရအဆက်ဆက်က ဆက်ဆံထားတာဖြစ်နေတော့ ဒီစီမံကိန်းတွေက အခုမှလုပ်တာလား။ အရင်အဆက်ဆက်က လုပ်ထားတာလား မပြောတတ်ဘူး။ နောက်တစ်ခုက တရုတ်တို့၊ အာဆီယံတို့ အမြင်ကတော့ ပြည်တွင်းကိစ္စတွေမှာ သူတို့ဝင်မပါဘူး။ ပြည်တွင်းက ပြည်သူလူထု သက်သာချောင်ချိရေးအတွက် သူတို့ရှိတဲ့အစိုးရနဲ့ ဆက်ဆံရတဲ့ အစိုးရနဲ့ လုပ်နိုင်သမျှ လုပ်မယ်လို့များ စဉ်းစားလားမသိဘူး။ ကျွန်မအမြင်ကတော့ ပြည်တွင်းက စစ်ကောင်စီကို အသိအမှတ်မပြုဘူး။ ဒါကိုတတ်နိုင်သမျှ ဆန့်ကျင်မယ်။ တိုက်ခိုက်မယ်ဆိုတာ ကျွန်မတို့ ပြည်သူလူထုရဲ့ ဆန္ဒ။ ကျွန်မတို့ ပြည်သူလူထု လုပ်ဆောင်ရမယ့် လုပ်ငန်းပဲ။"

ဒါကြောင့် လာမယ့် ၂၀၃၀ ပြည့်နှစ်မှာ တစ်နိုင်ငံလုံး ရာနှုန်းပြည့် လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရေး ဦးတည်ချက်ကို ဒီစီမံကိန်းက အထောက်အကူပြုနိုင်မယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ပြီးခဲ့တဲ့နှစ် မြန်မာနိုင်ငံခရီးစဉ်မှာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရနဲ့ တရုတ်နိုင်ငံရဲ့ ပိုးလမ်းမစီမံကိန်း (Belt and Road Initiative –BRI) အောက်က စီမံကိန်းတွေကို အရှိန်မြှင့်ဆောင်ရွက်ဖို့ သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ပြီး၊ အခုစစ်တပ်က အာဏာ သိမ်းပြီးနောက် တရုတ်နိုင်ငံနဲ့ ပတ်သက်နေတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခု ထပ်မံ ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG “ဘဏ္ဍရေး၊ စီမံကိန်းနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု” ဝန်ကြီး ဦးတင်ထွန်းနိုင် ကတော့ ကုမ္ပဏီကြီးတွေအနေနဲ့ စစ်ကောင်စီလက်ထက်မှာ မဖြစ်သာလို့ ဆက်လက်ရင်းနှီးမြှုပ်နှံရမယ် ဆိုရင်တောင် မြန်မာနိုင်ငံအတွက် ပေးဆောင်ရမယ့် အကျိုးအမြတ်ကို စစ်ကောင်စီလက်ထဲကို တိုက်ရိုက် မထည့်ဘဲ Third Party လို့ခေါ်တဲ့ လုံခြုံစိတ်ချရတဲ့ နိုင်ငံတကာ ဘဏ်အကောင့်တစ်ခုမှာပဲ ထိန်းသိမ်းထားဖို့ တိုက်တွန်းထားပါတယ်။

“ကျနော်တို့အနေနဲ့က တောက်လျောက်ပဲ ဒီကိစ္စတွေကို ဖိအားပေး ဆောင်ရွက်လျက် ရှိပါတယ်။ နမူနာအနေနဲ့ ပြောရမယ်ဆိုရင် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကုမ္ပဏီကြီးတွေကို ကျနော် မတ်လ ၅ ရက်နေ့က စာပို့ခဲ့ပါတယ်။ အဲတုန်းကတော့ ခေတ္တ ပြည်ထောင်စုဝန်ကြီးအနေနဲ့ သူတို့ဆီကို ကျနော် အီးမေးလ်တွေ ပို့ခဲ့ပါတယ်။ သူတို့ရဲ့ ကုမ္ပဏီတွေရဲ့ အဓိက တာဝန်ရှိတဲ့သူတွေကို ကျနော် တိုက်ရိုက် ချိတ်ဆက်ပြီး စာပို့ခဲ့တာပါ။ စာထဲမှာ ကျနော်တို့ အဓိက တောင်းဆိုတာက သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကို ဆက်လုပ်ပါ။ သို့သော် မြန်မာနိုင်ငံက ရရှိရမယ့် ဒီလုပ်ငန်းအပေါ်က အကျိုးအမြတ် ခွဲဝေမှု ကိုတော့ စစ်ကောင်စီကို မပေးပါနဲ့၊ ကျနော်တို့ကိုလည်း မပေးပါနဲ့၊ နိုင်ငံတကာမှာ ဒီလိုထုံးစံတွေ ရှိပါတယ်၊ ဟို Third Party ပေါ့နော်၊ တတိယ လုံခြုံစိတ်ချရတဲ့ နိုင်ငံတကာ ဘဏ့အကောင့်တစ်ခုမှာ ခေတ္တ သိမ်းဆည်းထားတဲ့ လုပ်ထုံးလုပ်နည်းတွေ ရှိပါတယ်။ ရှေ့မှာလည်း ဒါမျိုး အတွေ့အကြုံတွေ Practice တွေ ရှိပါတယ်။”

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီလကုန်အထိ ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံ ဒါမှမဟုတ် ဒေသပေါင်း ၅၁ ခု ထဲမှာ စင်ကာပူ၊ တရုတ်နဲ့ ထိုင်းနိုင်ငံတို့ဟာ ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံတွေဖြစ်တယ်လို့ မေလ ၈ ရက်နေ့ထုတ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီထဲမှာ စီးပွားရေးကဏ္ဍ ၁၂ ခု အနက်၊ အများဆုံး ရင်းနှီးမြှုပ်နှံထားတဲ့ ကဏ္ဍတွေကတော့ လျှပ်စစ်ကဏ္ဍမှာ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုရဲ့ ၂၆.၅၇ ရာခိုင်နှုန်း၊ ရေနံနဲ့ သဘာဝဓါတ်ငွေ့ကဏ္ဍမှာ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုရဲ့ ၂၅.၇၂ ရာခိုင်နှုန်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍမှာတော့ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုရဲ့ ၁၄.၆၁ ရာခိုင်နှုန်းရှိတယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ရင်းနှီးမြှုပ်နှံမှုနဲ့ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန DICA ရဲ့ စာရင်းဇယားတွေအရ၊ အာဏာသိမ်းပြီးနောက်ပိုင်း လက်ရှိကာလကို ပြီးခဲ့တဲ့နှစ် အခုလိုအချိန်နဲ့ နှိုင်းယှဉ်ရင် မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ မှတ်ပုံတင်ထားတဲ့ နိုင်ငံခြားကုမ္ပဏီနဲ့ လုပ်ငန်းအရေအတွက်ဟာ ၈၇ ရာခိုင်နှုန်း ကျဆင်းသွားတာကို မြင်တွေ့ရပါတယ်။